တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
1282

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

အောက်တိုဘာလ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ

ကချင်စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရလို့ ကလေးတွေ အစုလိုက်အပြုံလိုက်သေဆုံး

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရလို့ ကလေး ၁၁ဦး အပါအဝင် စစ်ဘေးရှောင်၂၉ ဦး သေဆုံးခဲ့ရပါတယ်။

အောက်တိုဘာလ ၉ ရက် ည ၁၁နာရီခွဲလောက်မှာ တိုက်ခိုက်ခံရတာဖြစ်ပြီး လေယာဉ်သံ မကြားရတာကြောင့် စစ်ကောင်စီက ဒရုန်းနဲ့ ဖျက်အားပြင်း ဗုံးလာကြဲတာဖြစ်နိုင်တယ်လို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မီဒီယာတွေကို ပြောဆိုထားပါတယ်။

ထိခိုက်ဒဏ်ရာရသူ ၆ဝနီးပါးရှိပြီး သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူတွေက စစ်ဘေးရှောင်တွေပဲ ဖြစ်တယ်လို့ဆိုပါတယ်။ လိုင်ဇာနဲ့ ၂မိုင်လောက်ဝေးတဲ့ ဒီမုန်လိုင်ခက်ရွာမှာ စစ်စခန်းတွေလည်း မရှိဘဲ တိုက်ခိုက်ခံရတာလို့ ပြောပါတယ်။

ဒီစခန်းမှာ လူဦးရေ ငါးရာကျော်နေထိုင်နေတာပါ။ ဖျက်အားပြင်း လက်နက်နဲ့ တိုက်ခိုက်ခံရတာကြောင့် မြေပြင်မှာ ကျင်းကြီး ဖြစ်သွားပြီး နေအိမ်တွေ ပျက်စီးခဲ့ရပါတယ်။ သေဆုံးတဲ့အထဲမှာ မိသားစုတစ်ခုထဲက မိသားစုဝင် ခြောက်ဦးအထိ ပါဝင်နေတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

ဒီတိုက်ခိုက်မှုကို အမေရိကန်၊ ဗြိတိန်၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပြည်တွင်းက တိုင်ရင်းသား လက်နက်ကိုင်အဖွဲ့တွေ အပါအဝင် အဖွဲ့အစည်းတွေက ပြစ်တင်ရှုတ်ချထားကြပါတယ်။ စစ်ဘေးရှောင်တွေကို စစ်ကောင်စီက အခုလိုတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း ထောက်ပြကြပါတယ်။

စစ်ကောင်စီဘက်ကတော့ သူတို့တိုက်ခိုက်တာ မဟုတ်ဘဲ ယမ်းသိုလှောင်ရုံ မတော်တဆ ပေါက်ကွဲတာလို့ ငြင်းချက် ထုတ်ထားပါတယ်။ ဒီပြောဆိုချက်အပေါ် မုန်လိုင်ခက် ဒေသခံတွေကတော့ အဲဒီနေရာမှာ ယမ်းသိုလှောင်ရုံ မရှိဘူးလို့ ပြန်လည်တုံ့ပြန်ထားကြပါတယ်။

၂၀၂၂ အောက်တိုဘာလ ၂၃ရက်ကလည်း ဖားကန့်မြို့နယ် အနန့်ပါဒေသမှာ KIO ၆၂နှစ်ပြည့် ကြိုဆိုတဲ့အခမ်းအနား တေးဂီတဖျော်ဖြေပွဲကျင်းပနေချိန် စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲလို့ လူ ၆၀ကျော်သေဆုံးခဲ့ပါသေး တယ်။

……………………………………

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာ အကြိမ် ၂၀ကျော်ရှိ

အာဏာသိမ်းပြီးနောက်မှာ အရပ်သားပြည်သူ ၁၀ဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာ အကြိမ် ၂၀ကျော်ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးတဲ့ဖြစ်စဉ် ၂၂ ခုရှိပြီး အဲဒီထဲက စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ အရပ်သား ၁၆၀ ကျော် သေဆုံးတဲ့ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ဟာ လူသေဆုံးမှု အများဆုံးဖြစ်တယ်လို့ NLD က အောက်တိုဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကချင်ပြည်နယ် ဖားကန့် အနန့်ပါဒေသ လေကြောင်းတိုက်ခိုက်ခံရမှုမှာ လူ ၆၀ကျော်သေဆုံးပြီး သေဆုံးမှု ဒုတိယအများဆုံး ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်က လူ ၃၀ ကျော်သေဆုံးတဲ့ ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်က တတိယ အများဆုံး ဖြစ်ပြီး အခု အောက်တိုဘာလ ၉ ရက် ညမှာတိုက်ခိုက်ခံရတဲ့ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ဟာ လူသေဆုံးမှု စတုထ္ထမြောက် အများဆုံးလို့ ဖော်ပြပါတယ်။

စစ်ကောင်စီအား အပြစ်ပေးအရေးယူနိုင်ရေးနဲ့ ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှု ရရှိရေး ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ NLD က ထုတ်ပြန်ထားပါတယ်။

……………………………………

၅၉ နှစ်အတွင်း စံချိန်တင်ရေကြီးပြီး ရေပြင်ဖြစ်သွားတဲ့ ပဲခူး

ပဲခူးမြို့ဟာ ၅၉နှစ်အတွင်းမှာ စံချိန်တင်ရေကြီးမှုနဲ့ ကြုံခဲ့ရပြီး မြို့တစ်ခုလုံးဟာ ရေပြင်ဖြစ်သွားပါတယ်။

မုတ်သုံအထွက်မှာ မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းတာကြောင့် တောင်ကျရေတွေများတာ၊ မြစ်၊ ချောင်းတွေ တိမ်ကောလာတာကြောင့် ရေမစုနိုင်တာ၊ ပင်လယ်ထဲ မစီးနိုင်တာတွေကြောင့် အခုလို ရေဘေးနဲ့ ကြုံရတာပါ။

ပဲခူးမြို့ မိုးရေချိန်ဟာ ၅၉ နှစ်အတွင်းမှာ စံချိန်တင် ရွာသွန်းခဲ့ပါတယ်။ အရင်ရွာသွန်းခဲ့တဲ့ အမြင့်ဆုံး မိုးရေချိန်က ၅ဒသမ ၇၅ လက်မရှိခဲ့ရာကနေ ရေစကြီးတဲ့ အောက်တိုဘာလ ၈ရက်နေ့မှာ ၇ဒသမ၈၇ လက်မအထိ ရွာသွန်းခဲ့ တာပါ။ ပဲခူးမြစ်ရေဟာလည်း အောက်တိုဘာလ ၁ဝရက်နေ့မှာ စိုးရိမ်ရေအမှတ်အထက် လေးပေကျော်အထိ ရောက်ရှိခဲ့ပါတယ်။

အခုတစ်ကြိမ်ရေကြီးရာမှာ အရင်က ပဲခူးမှာ ရေကြီးလေ့မရှိတဲ့ ရပ်ကွက်တွေပါ ရေကြီးပြီး တစ်မြို့လုံး ရေပြင် ဖြစ်သွား တာပါ။ တိုက်အိမ် ပထမထပ်တွေ နစ်မြှုပ်တာတွေ့ရသလို တချို့နေရာတွေမှာ အိမ်ခေါင်မိုးအထိ ရေကြီး နစ်မြှုပ်တာလည်း တွေ့ရပါတယ်။

ရေကြီးမှုကြောင့် လူ တစ်သောင်းလေးထောင်ကျော်ကိုလည်း ကယ်ဆယ်စခန်း ၃၆ခုဆီကို အရေးပေါ်ရွှေ့ပြောင်း ခဲ့ရပါတယ်။ ရန်ကုန်-မန္တလေး အဝေးပြေးလမ်းပေါ်မှာ ကားတွေ ရာချီလည်း ပိတ်မိခဲ့ပါတယ်။

ကျေးရွာတွေမှာလည်း ရေကြီးခဲ့ပြီး ရိတ်သိမ်းခါနီး စပါးကွင်းတွေဟာလည်း ရေနစ်မြှုပ်ခဲ့ရပါတယ်။ ရေကြီးပြီး လေးရက် အကြာ အောက်တိုဘာလ ၁၁ရက်မှာတော့ မိုးစဲသွားလို့ ရေပြန်ကျနေပြီဖြစ်ပေမယ့် ပျက်စီးဆုံးရှုံးမှုတွေကတော့ များပြားနိုင်ပါတယ်။

မုတ်သုံအထွက်မိုးကြောင့် အခြားတိုင်းနဲ့ ပြည်နယ်အချို့မှာလည်း ရေကြီးတာတွေ ရှိနေပါတယ်။

……………………………………

ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနဲ့ ဗိုလ်ချုပ်ရန်နောင်စိုး ထောင်တစ်သက်ကျ

စစ်ကောင်စီတပ်ရဲ့ ခြောက်ယောက်မြောက် အကြီးအကဲဖြစ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ သူရဲ့တပည့် ဗိုလ်ချုပ်ရန်နောင်စိုးတို့ကို စစ်ကောင်စီက ထောင်တစ်သက် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ကြည်းတပ်ရဲ့ နံပတ် ၄ ဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လူယုံဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာမယ့်သူလို့လည်း ထင်ကြေးပေးခံထားရသူပါ။

ဒါကြောင့် စစ်ကောင်စီရဲ့ နိုင်ငံခြားငွေရှာဖွေပေးနေတဲ့ အဓိက ကော်မတီတွေဖြစ်တဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီ၊ ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ကော်မတီ ဥက္ကဋ္ဌ ရာထူးတွေ ပေးထားခဲ့တာပါ။

ဒါပေမဲ့ စားအုန်းဆီဈေးတွေ အဆမတန်မြင့်တက်လို့ စစ်ဆေးချိန်မှာ လာဘ်စားမှုတွေ ပေါ်ပေါက်လာပြီး ဖမ်းဆီးခံခဲ့ ရပါတယ်။ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုအပါအဝင် လာဘ်စားမှုတွေနဲ့ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို စစ်ခုံရုံးက နှစ် ၂ဝနဲ့ ညီတဲ့ ထောင်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

ပူးပေါင်းကျူးလွန်မှုနဲ့ ဗိုလ်ချုပ်ရန်နောင်စိုးကိုလည်း အလားတူ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

……………………………………

စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်လို့ ဖမ်းဆီးခံရသူ ၁၃၀၀ ကျော်ရှိ

အင်တာနက်လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်လို့ ဖမ်းဆီးခံရသူ ၁၃၀၀ ကျော်ရှိလာပါပြီ။

စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ခံအားပေး ရေးသားတာ၊ ပြောဆိုဆက်သွယ်တာတွေကြောင့် ဒီနှစ် စက်တင်ဘာလကုန်အထိ ဖမ်းဆီးခံထားရတဲ့အခြေအနေကို သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က အောက်တိုဘာလ ၈ရက်နေ့က ထုတ်ပြန်ထားတာပါ။

ဖမ်းဆီးခံရသူတွေထဲမှာ Facebook အသုံးပြုသူတွေက အများစုဖြစ်ပြီး TikTok နဲ့ Telegram အသုံးပြုသူတချို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အဖမ်းခံရသူ အရေအတွက်ဟာ လစဉ် ပျမ်းမျှ ၆၅ ဦးခန့်ရှိတယ်လို့ ဖော်ပြပါတယ်။ ဖမ်းဆီးခံရသူ ထက်ဝက်နီးပါးဟာ ရန်ကုန်နဲ့ မန္တလေးတိုင်းတွေက ဖြစ်ပါတယ်။

……………………………………

UWSA အရာရှိနှစ်ဦး တရုတ်ဖမ်းဝရမ်းထုတ်

အွန်လိုင်းငွေလိမ်တဲ့လုပ်ငန်းတွေနဲ့ ပတ်သက်နေတယ်ဆိုပြီး ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ UWSA အရာရှိနှစ်ဦးကို တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

‘ဝ’ ပြည်နယ်အစိုးရ ဆောက်လုပ်ရေးဌာနမှူး ပေါက်အိုက်ပန်း (ခေါ်) ပေါက်ယန်ပန် နဲ့ မိုင်းလင်းခရိုင်မှူး ရှောက်ဟော် ခေါ် အိုက်ဟော့တို့ကို တရုတ်နိုင်ငံ ကူမင်းမြို့နှင့် ဟန်ကျိုးမြို့ အများပြည်သူလုံခြုံရေးဌာနက အောက်တိုဘာလ ၁၂ ရက်နေ့မှာ ဝရမ်းထုတ်တာပါ။

သူတို့ကို ဖမ်းပေးရင် တရုတ်ယွမ် တစ်သိန်းကနေ ငါးသိန်းအထိ ပေးမယ်လို့လည်း ဆုကြေးငွေ ထုတ်ထားပါတယ်။

ပေါက်အိုက်ပန်းဟာ UWSA ဥက္ကဋ္ဌ ပေါက်ယူချန်းရဲ့ တူတော်စပ်သူဖြစ်ပြီး အိုက်ဟော့ကတော့ ပေါက်ယူချန်းရဲ့ သမက်ဟောင်းဖြစ်တယ်လို့ ဆိုပါတယ်။

ငွေလိမ်ဂိုဏ်းတွေပါဝင်တဲ့ တရုတ်နိုင်ငံသားတွေကို မြန်မာနိုင်ငံမှာ ဖမ်းဆီးပြီး တရုတ်ဘက်သို့ လွှဲပြောင်းပေး နေပါတယ်။ ဒီလိုလွှဲပြောင်းပေးတာ လူနှစ်ထောင်ကျော်အထိ ရှိနေပြီဖြစ်ပြီး ‘ဝ’ ဒေသက အများဆုံး ပါဝင်ပါတယ်။

……………………………………