ထားဝယ်အရှေ့ပိုင်းကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်ရှစ်ဦးကို တာဝန်မှရပ်စဲ

0
1162
ပုံစာ - ထားဝယ်အရှေ့ပိုင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

ထားဝယ်မြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ထားဝယ်အရှေ့ပိုင်းကာကွယ်ရေးတပ်ဖွဲ့ (Eastern Defence Force – EDF) က ဘဏ္ဍာရေးမှူးအပါအဝင် ရဲဘော် ရှစ်ဦးကို တာဝန်မှ ရပ်စဲလိုက်ကြောင်း ယင်းအဖွဲ့က ယနေ့ အောက်တိုဘာလ ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။

တာဝန်ရပ်စဲခံရသည့် ရဲဘော် ရှစ်ဦးမှာ ဘဏ္ဍာရေးမှူး ရဲဘော်ယက္ခလေး၊ ရဲဘော် ဦးကြီး ၊ ရဲဘော်ခွေးပု၊ ရဲဘော်နောင်နောင်၊ ရဲဘော်ရဲဝင်း၊ ရဲဘော်စိုင်းစိုင်း၊ ရဲဘော် မလွှမ်းနှင့် ရဲဘော် မထက် တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ရဲဘော်တွေအချင်းချင်း အခန့်မသင့်ဘဲ တပ်ဖွဲ့က ထွက်သွားတာ။ တပ်ဖွဲ့နဲ့ ဖြစ်တာတော့မဟုတ်ဘူး။ ကျွန်တော် မျက်နှာစုံညီရှင်းပေးဖို့ ခေါ်သေးတယ်။ သူတို့ပြန်မလာတော့ဘူး အကြောင်းပြန်တယ်” လို့ ထားဝယ်အရှေ့ပိုင်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ရက္ခက ပြောသည်။

ယင်းရဲဘော် ရှစ်ဦးသည် တပ်ဖွဲ့မှ ထွက်သွားစဉ်တွင် တပ်ဖွဲ့နှင့်ပတ်သက်သည့် လက်နက်ခဲယမ်းအပါအဝင် မည့်သည်ပစ္စည်းတစ်စုံတစ်ရာကိုမျှ ယူဆောင်သွားခြင်းမရှိဘဲ အခြားတပ်ဖွဲ့တစ်ခုခုထံ ပူးပေါင်းသွားခြင်းလည်း မဟုတ်ကြောင်း ၎င်းက ဆိုသည်။

လက်တလောတွင် ရဲဘော် ရှစ်ဦးစလုံးသည် တပ်ဖွဲ့နှင့် ကင်းကွာနေပြီး လက်ရှိတွင် တာဝန်မှ ရပ်စဲထားပြီးဖြစ်၍ ယင်းရဲဘော်များ၏ နောက်ဆက်တွဲကိစ္စများသည် တပ်ဖွဲ့နှင့် မသက်ဆိုင်တော့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တာဝန်မှ ရပ်စဲခံရသည့် ရဲဘော်များကို Dawei Watch က ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းနေသော်လည်း အဆက်အသွယ်မရသေးပေ။

ထားဝယ်အရှေ့ပိုင်းကာကွယ်ရေးတပ်ဖွဲ့သည် ထားဝယ်အရှေ့တောဒေသတွင်အခြေစိုက်သည့် ဒေသကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည်။