တနင်္သာရီ တမုတ်ချုံးရွာအနီးနှင့် ဗောဓိကမ်းတံတားတို့တွင် တိုက်ပွဲဖြစ်

0
905

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊တမုတ်ချုံးရွာအနီးနှင့် ဗောဓိကမ်းတံတားတို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများထံမှသိရသည်။

တမုတ်ချုံးရွာအနီးရှိ စစ်ကောင်စီတပ်ကို ယနေ့ နံနက် ၁၀ နာရီဝန်းကျင်က ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင်တပ်ရင်း(၂)က ထုတ်ပြန်ခဲ့သည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုမှာ မိနစ် ၃၀ ကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်းနှင့် မိမိတို့ပူးပေါင်းအဖွဲ့မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စစ်ကောင်စီဘက်မှ သေဆုံးသည့် အရေအတွက်မှာ သီးခြားအတည်ပြုနိုင်ခြင်း မရှိဘဲ မြိတ်ခရိုင် တပ်ရင်း ၂ ၏ ထုတ်ပြန်ချက်အရသာ သိရှိရခြင်းဖြစ်သည်။

တိုက်ပွဲကို မြိတ်ခရိုင်တပ်ရင်း(၂)၊တပ်ခွဲ (၁)(၂)၊ တနင်္သာရီ(ပကဖ)များဖြစ်သည့် တောင်ပံနီ၊ ဘက်မလိုက် ပြောက်ကျား၊ တနင်္သာရီရိုးမနှင့် တနင်္သာရီတိုင်းစစ်ဌါန၊ စစ်ဆင်ရေးဌာန လက်ရုံးတပ်(Dragon Squad )တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းတိုက်ပွဲနှင့် တချိန်တည်းတွင် တနင်္သာရီမြို့၊ ဗောဓိကမ်းစစ်ဆေးရေးဂိတ်ကိုလည်း မြိတ်ခရိုင်တပ်ရင်း(၂)တပ်ခွဲ ၁ နှင့် ဘက်မလိုက်ပြောက်ကျားတို့မှ သွားရောက် တိုက်ခိုက်ခဲ့သေးကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ထံမှသိရသည်။

“တံတားမှာ ဒဏ်ရာရတယ်လို့သိရတယ်။ အရေအတွက်တော့ မသိရသေးဘူး”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင် တစ်ဦးကပြောသည်။

ယင်းသို့သွားရောက်ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်မှ ၆၀ မမ လက်နက်ကြီးများဖြင့် ဘန်လောရွာဘက်သို့ ပစ်ခတ်ခဲ့သေးကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများ ထံမှသိရသည်။

တနင်္သာရီမြို့နယ်အတွင်း ပြည်ထောင်စုလမ်းပေါ်တွင် တိုက်ပွဲများ ထပ်မံဖြစ်ပွါးလာနိုင်ပြီး ခရီးသွားပြည်သူများ ညအချိန်သွားလာခြင်း မပြုကြရန်၊ စစ်ကောင်စီတပ်နှင့် နီးကပ်စွာ နေထိုင်သွားလာခြင်းမပြုရန်၊ နေ့အချိန်ကားများ သွားလာပါက မှန်ချမောင်းပေးရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ကသတိပေးထားသည်။