ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
1299

ယခုအပတ် ရွှေဈေးမှာ အတက်အကျမရှိ တောက်လျှောက်ငြိမ်နေပြီး ထိုင်းဘတ်ဈေးမှာ တက်ရိပ်ပြခဲ့သည်။

ဓာတ်ဆီဈေးလည်း အလှုပ်အခတ်နည်းသည့် ကာလဖြစ်ခဲ့သည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ရွှေဈေးမှာ အလှုပ်အခတ်မရှိဘဲ အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်လေးသိန်းတစ်သောင်းကျပ်ဖြင့်  တစ်ပတ်လုံး  ငြိမ်နေသည်။

ထားဝယ်ဈေးကွက်တွင် တနင်္လာနေ့မှ သောကြာနေ့အထိ ငါးရက်စလုံး အတက်အကျမရှိဘဲ ငြိမ်နေခြင်းဖြစ်သည်။

ထိုင်းဘတ်ဈေးမှာ တဖြည်းဖြည်းချင်းတက်ရိပ်ပြခဲ့ပြီး တစ်ဘတ်လျှင်  ငွေကျပ် ပြားဂဏန်း အလှုပ်အခတ်ရှိခဲ့သည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ  ၉၂ ကျပ်ဝန်းကျင် ပေါက်ဈေးရှိပြီး ထိုင်းငွေ ၁၀၉၂  ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။

ဓာတ်ဆီဈေးမှာ တစ်လီတာလျှင် ကျပ်နှစ်ထောင်စွန်းစွန်း ပေါက်ဈေးရှိပြီး အကျဘက်ရောက်နေသည်။

ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၀၁၅ ကျပ်မှ ၂၀၈၅ ကျပ်အကြား ဈေးဖွင့်ထားခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၃၀၀၀ ကျပ်မှ  ၃၇၀၀ ကျပ်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

လာမည့်အပတ်ရွှေဈေးမှာ တက်ရိပ်ပြလာနိုင်မည့် အခင်းအကျင်းဖြစ်နေသည်။

အစ္စရေး-ပါလက်စတိုင်း စစ်ရေး၊ ယူကရိန်း-ရုရှားစစ်ပွဲ စသည့် စစ်ရိပ်သန်းလာသည့်အခင်းအကျင်းများကြောင့် ကမ္ဘာ့ စီးပွားရေးအပေါ် ဂယက်ရိုက်ခတ်လာသည်။

ထိုကြောင့် ရင်းနှီးမြှုပ်နှံသူများက ပိုမိုခိုင်မာသည့် ရွှေနှင့် အမေရိကန်ဒေါ်လာကို ဝယ်ယူစုဆောင်းလာကြသည်။

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခစဖြစ်ချိန်တွင်ပင် ကမ္ဘာ့‌ရွှေဈေး ထိုးတက်လာပြီး တစ်အောင်စလျှင် ၁၉၃၂ ဒေါ်လာအထိ ဈေးမြောက်သွားသည်။

ယခင်အပတ်ကမူ တစ်အောင်စလျှင် ၁၈၃၃ ဒေါ်လာသာ ဈေးဖွင့်ထားခဲ့သည်။

အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီက ရွှေနှင့် ဒေါ်လာဈေးအပါအဝင် အထွေထွေကုန်ဈေးနှုန်း ကျဆင်းစေရန်ဟု ဆိုကာ တင်းကျပ်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်။

စစ်ကောင်စီ၏ ရည်ညွှန်းဈေးဖြင့် ဈေးဖွင့်လေ့ရှိသည့် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းကိုယ်တိုင်ကပင် အောက်တိုဘာလ ၁၄ ရက်နေ့ ပေါက်ဈေးကို တစ်ကျပ်သားလျှင် သိန်းသုံးဆယ်နှစ်သောင်းကျပ်စွန်းစွန်း ဈေးဖွင့်ထားသည်။

ကမ္ဘာ့ရွှေပေါက်ဈေးနှင့် ကမ္ဘာ့အရေးအရာများက မြန်မာနိုင်ငံအပေါ်တွင်လည်း သက်ရောက်မှုရှိလာမည် ဖြစ်သည့်အတွက် လာမည့်အပတ်ပြည်တွင်းရွှေဈေးမှာ တက်ရိပ်ပြလာနိုင်ကြောင်း သုံးသပ်ရပေသည်။

အမေရိကန်ဒေါ်လာငွေလဲနှုန်းနှင့် ရွှေဈေးဂယက်ကြောင့် ထိုင်းဘတ်ဈေးလည်း တဖြည်းဖြည်းတက်လာနိုင်ကြောင်း ခန့်မှန်းရသည်။

လက်ရှိတွင် အမေရိကန် ၁ ဒေါလာလျှင် ၃၃၀၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိနေသည်။

စက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် ကမ္ဘာ့နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့စက်သုံးဆီပေါက်ဈေးမှာ တက်ရိပ်ပြနေပြီး စစ်ရောင်သန်းနေသည့် ကမ္ဘာ့အခင်းအကျင်းကြောင့် ဈေးနှုန်းပိုတက်လာမည့် အနေအထားတွင်ရှိသည်။

သို့သော် စစ်ကောင်စီက ပြည်တွင်းစက်သုံးဆီဈေးကွက်ကို သတိကြီးကြီးဖြင့် တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေသော်လည်း ဈေးကွက်အခြေအနေအရ အတက်ဘက်ရောက်လာမည်ဖြစ်သည်။

ထိုကြောင့်လာမည့်အပတ် ပြည်တွင်းစက်သုံးဆီဈေးလည်း ရွှေနှင့် ထိုင်းဘတ်ကဲ့သို့ပင် အတက်ဈေးသို့ ရောက်လာမည်ဖြစ်ကြောင်း ခန့်မှန်းရသည်။