ရနောင်းတွင် တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၁၉ ဦး ဖမ်းဆီးခံရ

0
1057

ထိုင်း-မြန်မာနယ်စပ် ရနောင်းခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၉ ဦးကို ဖမ်းဆီးရမိကြောင်း ထိုင်းခြေမြန်တပ်ရင်း အမှတ် ၂၅ က ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၁ရက် ည ၁၂နာရီခွဲ (အောက်တိုဘာလ ၂ရက်နံနက်) တွင် ကရဘူရီဒေသ ပါ့ကျန်ရွာအနီးရှိ တိုယိုတာပစ်ကပ်ကားနှစ်စီးကို စစ်ဆေးရာမှ မြန်မာအလုပ်သမားများကို ဖမ်းမိကြောင်း ဖော်ပြသည်။

ကားပေါ်တွင် မြန်မာအလုပ်သမား အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ခြောက်ဦးနှင့်အတူ ထိုင်းနိုင်ငံသား ကားသမားနှစ်ဦးကို ဖမ်းမိကြောင်း ထုတ်ပြန်တွင် ရေးသားထားသည်။

မြန်မာအလုပ်သမားများတွင် နိုင်ငံကူးလက်မှတ်နှင့် တရားဝင် စာရွက်စာတမ်းများ မတွေ့ရှိရကြောင်း ဆက်လက်ဖော်ပြသည်။

မြန်မာအလုပ်သမားများသည် ကားအတွင်းတွင် ပြည့်ကျပ်စွာနှင့် ကားအနောက်တွင် လှဲအိပ်ကာ လိုက်ပါလာခဲ့ကြသည်ကို ဓာတ်ပုံမှတ်တမ်းများအရ သိရသည်။

ဖမ်းဆီးခံရသူများကို ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန် ပါ့ကျန့်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

စက်တင်ဘာလအတွင်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာမှုကြောင့် မြန်မာအလုပ်သမား ၂၀၀ ကျော် ဖမ်းဆီးခဲ့ရကြောင်း Dawei Watch ၏ အချက်အလက်များ စုစည်းမှုအရ သိရသည်။