ထားဝယ် မောင်မယ်ရှောင်ရွာသားသုံးဦးကို စစ်ကောင်စီတပ် ရိုက်နှက်ဖမ်းဆီး

0
2052

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာသားသုံးဦးကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၁ရက် မွန်းလွဲပိုင်းက ရိုက်နှက်ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူသုံးဦးမှာ အသက် ၁၄ နှစ်အရွယ်ရှိ ယောင်္ကျားလေးတစ်ဦး၊ အသက် ၃၀ နှစ်ဝန်းကျင်အရွယ်ရှိ ကိုမျိုးဆွေနှင့် ကိုသားဂန်းတို့ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

စက်တင်ဘာလ ၃၀ ရက်က ရေဝိုင်းရွာသွားလမ်းပေါ်ရှိ ရထားလမ်းအနီးတွင် ထားဝယ်အကျဉ်းထောင်ဝန်ထမ်းနှစ်ဦး အသတ်ခံရပြီး နောက်တစ်ရက် အောက်တိုဘာလ ၁ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်သည် မောင်မယ်ရှောင် ရွာကို မြေတင်ကား ၃ စီးဖြင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

စစ်ကြောင်းဝင်ရောက်လာသောကြောင့် ရွာသားအချို့ထွက်ပြေးကြရာမှာ မောင်မယ်ရှောင်ရွာအရှေ့ဘက် ချောင်းအနီး တွင် ပုန်းနေသည့် အထက်ပါဒေသခံသုံးဦး ‌ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သူတို့က ရွာသားတွေ။ ကျောင်းသားလေးက တစ်ယောက်ပါတယ်။ ကျန်တဲ့နှစ်ယောက်က မိသားစုနဲ့” ဟု ၎င်းက ပြောဆိုသည်။

ဖမ်းဆီးခံရသူ သုံးဦးအနက်က ကိုသားဂန်း၏ ဇနီးသည်မှာ မီးတွင်းထဲရှိနေကြောင်း ဒေသခံနောက်တစ်ဦးက ပြောသည်။

မောင်မယ်ရှောင်ရွာအနီး ထားဝယ်ထောင်သစ် ဆောက်လုပ်ရာတွင် အလုပ်လုပ်ရန် အကျဉ်းသားငါးဦးနှင့် ထွက်လာခွာလာသည့် ထောင်ဝန်ထမ်းနှစ်ဦး အသတ်ခံရပြီး အကျဉ်းသားများ ထွက်ပြေးလွတ်မြောက်သွားသည်ဟု သိရကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ယင်းနောက် ဝင်ရောက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် ဒေသခံသုံးဦးကို ဖမ်းဆီးကာ အောက်တိုဘာလ ၂ ရက်နေ့ နေ့လယ်ပိုင်းတွင် ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။