နဂါးနက်အဖွဲ့နှင့် တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပစ်ခတ်မှုဖြစ်

0
12561

တနင်္သာရီအခြေစိုက် နဂါးနက်အဖွဲ့နှင့် တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ စက်တင်ဘာလ ၂၉ ရက်နေ့ ည ၈ နာရီဝန်းကျင်က တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုတွင် နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

“ရဲဘော်တွေ ကင်းလှည့်ထွက်ရာမှာ သူတို့(နဂါးနက်)က စပစ်ပြီး မိုင်းခွဲခဲ့တယ်”ဟု တနင်္သာရီ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ ရဲဘော်ကပြောသည်။

နဂါးနက်အဖွဲ့က ည ၈ နာရီအချိန် တကူကျေးရွာအုပ်စု၊ အင်းရှည်ကုန်းတံတားတွင် မိုင်းတစ်လုံး စတင်ဖောက်ခွဲခဲ့ပြီး အင်းရှည်ကုန်းကျေးရွာ ဆေးခန်းအနီးသို့လည်း ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူများ ကလည်းဆိုသည်။

နဂါးနက်အဖွဲ့၏ ပစ်ခတ်မှုနှင့် မိုင်းခွဲမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးနှင့် အရပ်သားတစ်ဦး ဒဏ်ရာရခဲ့ပြီး မစိုးရိမ်ရကြောင်း ဒေသခံများ ထံမှသိရသည်။

“ညကရဲဘော်တွေ အပစ်ခံရတော့ ပကဖအဖွဲ့က ဝိုင်းလိုက်ကြတာ သူတို့(နဂါးနက်အဖွဲ့) သရဘွင်ကျောက်တောင်ဘက် ထွက်ပြေးသွားကြတယ်။ အင်အားနှစ်ဆယ်ဝန်းကျင်ရှိတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူ အမျိုးသား ကပြောသည်။

အဆိုပါပစ်ခတ်မှုနှင့် ပတ်သက်ပြီး တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက သက်ဆိုင်ရာသို့ အသိပေးအကြောင်းကြားထားကြောင်းနှင့် နဂါးနက်အဖွဲ့မှ လှုပ်ရှားလာမည့် အခြေအနေပေါ်မူတည်ကာ ဆောင်ရွက်သွားရန် ရှိကြောင်း ပြောဆိုသည်။

“အကြိမ်ကြိမ်သတိပေးနေတဲ့ကြားက ထလုပ်တာ တော်လှန်ရေးအတွက်လည်း မကောင်းဘူးပေါ့”ဟု တနင်္သာရီ ပကဖ တာဝန်ရှိသူ ရဲဘော် ကပြောသည်။

ယင်းဖြစ်စဥ်နှင့် ပတ်သက်ပြီး Dawei Watch မှ နဂါးနက်အဖွဲ့ကို ဆက်သွယ်မေးမြန်းရန် ကြိုးစားနေဆဲဖြစ်ပြီး ယင်းအခြေအနေအပေါ် နဂါးနက်အဖွဲ့မှလည်းတစုံတရာ ထုတ်ပြန်ထားခြင်း မတွေ့ရသေးပေ။

နဂါးနက်အဖွဲ့သည် အမျိုးသားညီညွတ်ရေး အစိုးရ(NUG)လက်အောက်ခံမဟုတ်သည့် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လူအင်အား ဆယ်ဂဏန်းဝန်းကျင်ရှိသည်ဟု တော်လှန်ရေးအင်အားစုများ ထံမှသိရသည်။

ယခင်က တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည့် အဖွဲ့ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများ ထံမှသိရသည်။

ယခုနှစ်မေလအတွင်းက အင်းရှည်ကုန်းရွာတွင် သရက်သီးခူးရာမှ အမျိုးသားနှစ်ဦးစကားများပြီး လူသတ်မှုဖြစ်ပွါးခဲ့သည်။

သတ်သည့်တရားခံကို တနင်္သာရီပြည်သူ့လုံခြုံရေးအဖွဲ့က ထိန်းသိမ်းထားစဥ် နဂါးနက်အဖွဲ့က လာရောက်ခေါ်ယူသွားပြီး နောက်တစ်နေ့တွင် သေဆုံးမှုဖြစ်ပွားခဲ့သည်။

ယင်းအပေါ် တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့က လူသတ်တရားခံကို တရားစီရင်ပိုင်ခွင့်မရှိဘဲ၊ ဥပဒေအရ ခုခံကာကွယ်ချေပပိုင်ခွင့်မရှိဘဲ စီရင်ခဲ့ခြင်းသည် တရားဥပဒေစိုးမိုးရေး နှင့် နယ်မြေလုံခြုံရေးအတွက်ပါ အထူးစိုးရိမ်ဖွယ်ဖြစ်ပါကြောင်းနှင့် နဂါးနက်အဖွဲ့၏ လုပ်ရပ်နှင့် ပတ်သက်ပြီး မိမိတို့တာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယခုနှစ်ဧပြီလနှင့် စက်တင်ဘာ ၂၅ ရက်နေ့တွင် အင်းရှည်ကုန်းရွာနေ အမျိုးသားနှစ်ဦး လည်လှီးအသတ်ခံရသည့် ဖြစ်စဥ်ဖြစ်ပေါ်ခဲ့သည်။

ယင်းဖြစ်စဉ်၏ တရားခံကို တနင်္သာရီ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ စုံစမ်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

တနင်္သာရီအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များမှာ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဘက်မလိုက်ပြောက်ကျားအဖွဲ့၊ တနင်္သာရီကာကွယ်ရေး ပြောက်ကျားအဖွဲ့၊ တောင်ပံနီပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တောင်ပိုင်းသူရဲကောင်းများ ကာကွယ်ရေးအင်အားစုနှင့် တောဗုံးကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ဖြစ်သည်ဟု တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။