တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
1086

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

စက်တင်ဘာလ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ

နေအိမ်အဆောက်အအုံ ရှစ်သောင်းခြောက်ထောင်ကျော် မီးရှို့ခံရ

အာဏာသိမ်းကာလ ၂နှစ်ခွဲကျော်အတွင်း ဘာသာရေးအဆောက်အအုံတွေအပါအဝင် နေအိမ် အဆောက်အအုံ ရှစ်သောင်းခြောက်ထောင်ကျော် မီးရှို့ဖျက်ဆီးခံရလိုက်ရပါတယ်။

လက်နက်ကိုင်ပဋိက္ခနဲ့ တိုက်ပွဲဖြစ်စဉ်တွေကြောင့် မြို့နယ်ပေါင်း ၁၁၀ ကျော်မှာ မီးရှို့ခံခဲ့ရတာလို့ မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု ISP Myanmar က စက်တင်ဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။

အဲဒီထဲက ၆၄ရာခိုင်နှုန်းကျော် အဆောက်အအုံ အလုံးရေအားဖြင့် ငါးသောင်းငါးထောင်ကျော်ဟာ ၂၀၂၂ ခုနှစ်ထဲမှာပဲ မီးရှို့ဖျက်ဆီးခံရတာလို့ ဖော်ပြပါတယ်။

အခုနှစ် စစ်အုပ်ချုပ်ရေးကြေညာအပြီးမှာ မီးရှို့မှုတွေ မြင့်တက်ခဲ့ပေမယ့် နှစ်လယ်ပိုင်းကစပြီး မီးရှို့မှုလည်း ပြန်လည်လျော့ကျလာတယ်လို့ ဆိုပါတယ်။ ဒေသတချို့မှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်မှုတွေဟာ ခံစစ်အသွင်ပြောင်းလာတာကြောင့်လို့ ဖော်ပြပါတယ်။

တစ်နိုင်ငံလုံးမှာ မီးရှို့ဖျက်ဆီးခံရမှု အများဆုံးကတော့ စစ်ကိုင်းတိုင်းဖြစ်ပြီး နေအိမ်အဆောက်အအုံ အလုံးရေ ခြောက်သောင်းကျော်၊ ရာခိုင်နှုန်းအနေနဲ့ဆိုရင် ၇၂ ရာခိုင်နှုန်းကျော်အထိ ရှိနေတာပါ။

……………………………………

လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၈၀ကျော်သေဆုံး

အာဏာသိမ်းကာလ ၂နှစ်ကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၈၀ ကျော် သေဆုံး ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး OHCHR ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ (၅၄) ကြိမ်မြောက် အစည်းအဝေးမှာ အစီရင်ခံစာကို တင်သွားထားတာပါ။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလကနေ အခု ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ တစ်ထောင် နီးပါးရှိခဲ့ပါတယ်။။ လေကြောင်းတိုက်ခိုက်မှုတွေဟာ သိသိသာသာ မြင့်တက်လာတယ်လို့လည်း ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းမှာ ၂၁၆ဦးမှာ သေဆုံးခဲ့ပြီး အနောက်မြောက်ပိုင်းမှာ ၂၅ဦး၊ အရှေ့တောင်ပိုင်းမှာ ၂၁ဦး၊ အရှေ့မြောက်ပိုင်းမှာ ၁၉ ဦး သေဆုံးခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

……………………………………

ကုလစင်မြင့်မှာ မြန်မာ့အရေး ဘာတွေပြောခဲ့ကြလဲ

ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကုလ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ အာဆီယံနိုင်ငံတချို့ကပဲ မြန်မာ့အရေးကို ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

၇၈ ကြိမ်မြောက် ကုလအထွေထွေညီလာခံဟာ စက်တင်ဘာလ ၂၆ရက်နေ့မှာ ပြီးဆုံးသွားခဲ့ပါပြီ။ ကုလအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံမှာ ပြည်သူလူထု ဖမ်းဆီးသတ်ဖြတ်ခံရမှု အခြေအနေပိုဆိုးလာပြီး ဆင်းရဲတွင်း ပိုနက်လာတယ်လို့ သူရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အာဆီယံနိုင်ငံထဲကတော့ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနိုင်ငံတွေက မြန်မာ့အရေး ပြောဆိုခဲ့ကြပါတယ်။ လက်ရှိ အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ လာအိုအပါအဝင် ကျန်နိုင်ငံတွေကတော့ ထည့်သွင်းပြောဆိုတာ မရှိပါဘူး။

မလေးရှားဝန်ကြီးချုပ်က မြန်မာနိုင်ငံမှာ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ၊ မတည်ငြိမ်မှုတွေ ဆက်လက် မြင့်တက်နေတဲ့အပေါ် စိုးရိမ်ကြောင်းပြောဆိုပြီး နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ စစ်ကောင်စီကို ဆက်လက် ဖိအားပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာစစ်ကောင်စီအနေနဲ့ အာဆီယံဘုံ သဘောတူညီချက်ကို လိုက်နာ အကောင်အထည်ဖော်ဖို့ ပြောဆိုခဲ့တာတွေ့ရပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုတွေ ဖြစ်နေတာကြောင့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွေဟာ ရိုက်ချိုးခံလိုက်ရတယ်လို့ ဆိုပါတယ်။

အရှေ့တီမောသမ္မတကတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်မှုကို အလေးပေး ပြောဆိုခဲ့ပြီး အာဏာသိမ်းကာလမှာ အရပ်သား သုံးထောင် သတ်ဖြတ်ခံထားရပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာ့အရေး ပိုအာရုံစိုက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

……………………………………

ပြည်ပရောက် မြန်မာတွေကို အခွန်ကောက်မယ်၊ နိုင်ငံခြားငွေနဲ့ ပေးဆောင်ရမယ်

ပြည်ပရောက် မြန်မာအလုပ်သမားတွေဆီကနေ စစ်ကောင်စီက အခွန် စတင်ကောက်ယူတော့မှာ ဖြစ်ပါတယ်။

ပြည်ပမှ ရရှိတဲ့ နိုင်ငံခြားငွေအမျိုးအစားနဲ့ ဝင်ငွေခွန် ၁၀ ရာခိုင်နှုန်းကို ပေးဆောင်ရမယ်လို့ဆိုပါတယ်။ ပြည်ထောင်စု အခွန်အကောက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေပြဋ္ဌာန်းပြီး အခုလို အခွန်ကောက်ဖို့ ကြိုးပမ်းလာတာပါ။

အဲဒီပြင်ဆင်တဲ့ဥပဒေကို စက်တင်ဘာလ ၁၂ရက် ရက်စွဲနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ရေးထိုး ပြဋ္ဌာန်းလိုက်တာဖြစ်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ရက်နေ့ကနေ ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်အထိ အကျိုးသက်ရောက်မယ်လို့ ဖော်ပြပါတယ်။

မြန်မာအလုပ်သမားတွေဟာ သက်ဆိုင်ရာပြည်ပနိုင်ငံတွေကိုလည်း အခွန်ဆောင်ရမှာဖြစ်သလို စစ်ကောင်စီကိုလည်း အခွန်ဆောင်ရမှာ ဖြစ်တာကြောင့် အခွန်နှစ်ထပ်ဆောင်ရမယ့် အခြေအနေဖြစ်တာကြောင့် နစ်နာမှုတွေ ရှိနေပါတယ်။

အလုပ်သမားတွေဆီကနေ အခုလို ခွန်ကောက်ဖို့ ကြိုးပမ်းတာဟာ စစ်ကောင်စီမှာ နိုင်ငံခြားငွေ အရေးတကြီး လိုအပ်နေတာကို ပေါ်လွင်စေတယ်လို့လည်း ထောက်ပြမှုတွေရှိနေပါတယ်။

ဒီမတိုင်ခင်ကလည်း အလုပ်သမားတွေရဲ့ လစာ ၂၅ ရာခိုင်နှုန်းကို စစ်ကောင်စီသတ်မှတ်တဲ့ ဘဏ်ကနေ တရားဝင် လွှဲပေးရမယ်လို့ အတင်းအကျပ် လုပ်ဆောင်ထားပါသေးတယ်။

……………………………………

မြန်မာ့အရေး ICC လွှဲပြောင်းဖို့ ကုလမဟာမင်းကြီးတောင်းဆို

စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကို လွှဲပြောင်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး Volker Türk က တောင်းဆိုလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ စက်တင်ဘာလ ၂၆ ရက်နေ့က ကျင်းပတဲ့ ကုလလူ့အခွင့်အရေးကောင်စီညီလာခံမှာ အခုလို တောင်းဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေအပေါ် လေကြောင်းကနေ တိုက်ခိုက်တာ၊ သတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့တာ စတဲ့ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုဆိုးဝါးလာတယ်လို့ ပြောပါတယ်။

အာဏာသိမ်းမှုကြောင့် အရပ်ဖက်တရားစီရင်ရေးလည်းမရှိတော့ဘူးလို့ ဆိုပါတယ်။

ကုလလုံခြုံရေးကောင်စီက တောင်းဆိုထားတဲ့ အရပ်သားပြည်သူတွေအပေါ် တိုက်ခိုက်မှု ရပ်တန့်ဖို့၊ လူသားချင်း စာနာတဲ့အကူအညီတွေ ပေးခွင့်ရဖို့ ဆိုတဲ့အချက်တွ လျစ်လျူရှုခံနေရတယ်လို့ မဟာမင်းကြီးက ပြောပါတယ်။

……………………………………

KNU နယ်မြေမှာ စစ်ဘေးရှောင် ခြောက်သိန်းကျော်ရှိ

အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေမှာ စစ်ဘေးရှောင်ဒုက္ခသည် ခြောက်သိန်းသုံးသောင်းကျော်အထိ ရှိလာပါပြီဖြစ်ပါတယ်။

ကရင် ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN က စက်တင်ဘာလ ၂၆ ရက်နေ့က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြတာပါ။

KNU/KNLA နဲ့ မဟာမိတ်တပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် စစ်စခန်း ၆၀ကျော် ဆုံးရှုံးခဲ့ရတယ် လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒါ့အပြင် စစ်ကောင်စီလက်အောက်က စာသင်ကျောင်း ၃၇၀ ကျော်ဟာ KNU ပညာရေးဌာနရဲ့ စီမံအုပ်ချုပ်မှုအောက် ရောက်ရှိသွားပြီလို့လည်း ဆိုပါတယ်။

စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေဟာလည်း တိုးမြှင့်လာတယ်လို့ ဖော်ပြပါတယ်။ အာဏာသိမ်းချိန်ကနေ အခုနှစ် ဇူလိုင်လအထိ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ လေးရာကျော်ရှိရာမှာ အရပ်သား ၄၀ကျော် သေဆုံးပြီး ၁၄၀ ကျော် ဒဏ်ရာရတယ်လို့ ဖော်ပြပါတယ်။

လက်နက်ကြီးပစ်ခတ်မှု အကြိမ်ရေ ၁၁၀၀ ကျော်ရှိပြီးတော့ အရပ်သား ၉ဝနီးပါးသေဆုံးတဲ့အပြင် ၃၄၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

……………………………………

စစ်ဘေးရှောင်တွေ မဝင်နိုင်အောင် နယ်စပ်ခြံစည်းရိုးခတ်မယ့် အိန္ဒိယ

မြန်မာ-အိန္ဒိယ နယ်စပ်ကို ခြံစည်းရိုးခတ်မယ်လို့ မဏိပူရပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။

မြန်မာနိုင်ငံဘက်က တရားမဝင် ကူးသန်းသွားလာနေတာ၊ လက်နက်နဲ့ မူးယစ်ဆေးမှောင်ခိုမှုတွေ များလာတာကြောင့် မိုင် ၄၀ ကျော်ရှည်တဲ့ နယ်စပ်ကို ခြံစည်းရိုးခတ်ဖို့ လိုလာတာလို့ ဝန်ကြီးချုပ်က ဆိုပါတယ်။ မဏိပူရဟာ စစ်ကိုင်းတိုင်း တမူးမြို့နဲ့ ထိစပ်နေတာပါ။

ဒီမတိုင်ခင် မြန်မာ – အိန္ဒိယ နယ်စပ်မှာ လွတ်လပ်စွာသွားလာခွင့် သဘောတူညီချက်ကို ပယ်ဖျက်ပေးဖို့လည်း မဏိပူရပြည်နယ်အစိုးရက ပြည်ထဲရေးဝန်ကြီးဌာနကို တောင်းဆိုထားပါသေးတယ်။

ဒါကြောင့် မြန်မာနိုင်ငံက ထပ်မံထွက်ပြေးတိမ်းရှောင်လာကြမယ့် စစ်ဘေးရှောင်တွေကို ပိတ်ပင်ဖို့ ကြိုးပမ်းနေတာ ဖြစ်နိုင်တယ်လို့ ဝေဖန်ချက်တွေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံက လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မဏိပူရပြည်နယ်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေသူ ငါးထောင်ကျော်ရှိနေပါတယ်။

……………………………………