ဝန်ထမ်းများကို ထောက်ပံ့ကြေး သုံးသောင်းကျပ်ပေးမည်

0
3020
ပုံစာ - ဌာနဆိုင်ရာဝန်ထမ်းအချို့ အပတ်စဉ်သန့်ရှင်းရေးလုပ်ငန်း လုပ်ဆောင်နေကြစဉ်။

နိုင်ငံ့ဝန်ထမ်းများနှင့် စစ်ကောင်စီတပ်သားများကို လစဉ်ထောက်ပံ့ကြေး သုံးသောင်းကျပ်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ယနေ့ စက်တင်ဘာလ ၃၀ ရက် တွင် ထုတ်ပြန်သည်။

နိုင်ငံတာဝန်ထမ်းဆောင်နေသူများ စားဝတ်နေရေးသက်သာ ချောင်လည်မှုရရှိစေရန်အတွက် ခံစားခွင့်ပြုခြင်းဖြစ်ကြောင်း ဆိုသည်။

သို့သော် ထောက်ပံ့ကြေးခေါင်းစဉ်ဖြင့် ပေးသည့် ငွေမှာ အချိန်ကာလတစ်ခုအထိသာ ပေးခြင်းဖြစ်သဖြင့် လစာတိုးပေးရန်သာ လိုလားကြောင်း လက်ရှိတာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

“ထောက်ပံ့ကြေးဆိုတာကတော့ ဝမ်းမသာနိုင်ဘူး။ တစ်လပေးပြီးလည်း သူတို့မပေးချင်တဲ့အချိန် မပေးလို့ရတယ်။ ရှေ့မှာ ပေးခဲ့ဖူးတဲ့ ထောက်ပံ့ကြေးတွေလည်း ဒီလိုပဲ ခေါင်းစဉ်တပ်တာပဲ။ တစ်ခါမှ လစဉ်မရဖူးဘူး” ဟု ၎င်းက ပြောဆိုသည်။

ထို့ကြောင့် ထောက်ပံ့ကြေး ပေးခြင်းထက် လစာတိုးမြင့်ပေးခြင်းကိုသာ ဝန်ထမ်းအများစုက ပိုမိုလိုလားကြသည်ဟု လက်ရှိတာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းအချို့က‌ ဆိုသည်။

အစိုးရဌာနများနှင့် ဝန်ထမ်းအဖွဲ့အစည်းများရှိ နေ့စားအလုပ်သများ၏ တစ်နေ့ ရှစ်နာရီစာ လုပ်အားခ ၄၈၀ဝကျပ်အပေါ် အပိုထောက်ပံ့ကြေးအဖြစ် တစ်ထောင်ကျပ်တိတိထပ်မံခံစားခွင့်ပြုမည်ဖြစ်ကြောင်းလည်း ထုတ်ပြန် ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ အမိန့်ကြော်ငြာစာသည် လာမည့် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ အတည်ဖြစ်မည်ဖြစ်ပြီး ၂၀၂၃ အောင်တိုဘာလအတွက် ပေးရန်ရှိသောလစာနှင့်အတူ ထုတ်ပေးနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။