တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
1359

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ

ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း ဖမ်းဆီးစစ်ဆေးခံရပြီး စီးပွားရေးရာထူးတွေကနေ ဖယ်ရှားခံရ

စစ်ကောင်စီတပ်ရဲ့ ခြောက်ယောက်မြောက် အကြီးအကဲဖြစ်တဲ့အပြင် ကြည်းတပ်ရဲ့ နံပတ် ၄ ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ဖမ်းဆီးစစ်ဆေးခံနေရပြီး စီးပွားရေးရာထူးတွေက ဖယ်ရှားခံလိုက်ရပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လူယုံဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာမယ့်သူလို့လည်း ထင်ကြေးပေးခံထားရသူပါ။ လက်ရှိမှာတော့ အဂတိလိုက်စားမှု စွပ်စွဲချက်တွေနဲ့ ထိန်းသိမ်းခံထားရပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၊ ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးကော်မတီ ဥက္ကဋ္ဌ ရာထူးတွေကနေ ဖယ်ရှားခံလိုက်ရပြီး ဒီနေရာတွေကို စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး မြထွန်းဦးကို အစားထိုးလိုက်ပါတယ်။

ဒီကော်မတီတွေဟာ စစ်ကောင်စီရဲ့ နိုင်ငံခြားငွေရှာဖွေပေးနေတဲ့ အဓိက ကော်မတီတွေဖြစ်ပါတယ်။

စားသုံးဆီအဆမတန် မြင့်တက်တာကို စစ်ကောင်စီက စစ်ဆေးချိန်မှာ စီးပွားကူးသန်းက ဝန်ထမ်းတွေ ဖမ်းဆီးစစ်ဆေးခံရပါတယ်။

အဲဒီနောက်မှာ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းရဲ့ တပည့် ဗိုလ်ချုပ်ရန်နောင်စိုးပါ ဖမ်းဆီးစစ်ဆေးခံရရာကနေ စီးပွားရေး လုပ်ငန်းရှင်တွေဆီကနေ လာဘ်စားနေတာတွေ ပေါ်ပေါက်လို့ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းပါ ဖမ်းဆီးစစ်ဆေးခံရတာလို့ ပြည်တွင်းသတင်းဌာနတချို့မှာ ဖော်ပြကြပါတယ်။

အလားတူး ပြည်ထဲရေးဝန်ကြီးဟောင်းဖြစ်ပြီး လက်ရှိပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်လည်း အဂတိလိုက်စားမှုနဲ့ စစ်ဆေးခံနေရတယ်လို့ ဆိုပါတယ်။

……………………………………

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရာမှာ ကန့်သတ်ချက်တွေတိုးလာ

စစ်ဘေး၊ သဘာဝဘေးတွေကြောင့် အရေးပေါ်အကူအညီလိုအပ်သူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ဝင်ရောက်ပေးအပ်ရာမှာ ကန့်သတ်ချက်တွေ တိုးလာလို့ အဟန့်အတားတွေ ကြုံနေရပါတယ်။

ကန့်သတ်ချက်တွေ တိုးလာတာကြောင့် အကူအညီလိုအပ်သူတွေဆီကို အရေးပေါ်အကူအညီတွေ ပေးအပ်နိုင်ဖို့ အဟန့်အတားဖြစ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA က စက်တင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒီလိုကန့်သတ်မှုတွေဟာ အထူးသဖြင့် ကချင်နဲ့ နိုင်ငံရဲ့အရှေ့တောင်ပိုင်းဖြစ်တဲ့ ကယား၊ ကရင်တွေမှာ ကြုံနေရတာလို့ ဆိုပါတယ်။

လက်နက်ကိုင်ဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၁ဒသမ၉ သန်းကျော်သွားပြီ ဖြစ်ပြီး ရေကြီးရေလျှံတာတွေကြောင့်လည်း လူရှစ်သောင်းကျော် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

……………………………………

ကုလ မြန်မာကိုယ်စားပြုသံအမတ်အဖြစ် ဦးကျော်မိုးထွန်းဆက်ထားဖို့ ဆန္ဒပြတောင်းဆို

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းကို ဆက်ထားဖို့ ကုလသမဂ္ဂအထွေထွေ ညီလာခံကျင်းပမယ့် နယူးယောက်မြို့က ကုလရုံးချုပ်ရှေ့မှာ မြန်မာတွေ စုဝေးတောင်းဆိုကြပါတယ်။

ကုလသမဂ္ဂညီလာခံတက်ဖို့အတွက် ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေ စုဝေးရောက်ရှိချိန် စက်တင်ဘာလ ၁၆ရက်နေ့က အမေရိကရောက် မြန်မာတွေ ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။ အလားတူ ဗြိတိန်ရောက် မြန်မာတွေလည်း ပါလီမန်ရှေ့နဲ့ ဝန်ကြီးချုပ်နေအိမ်တွေရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

နိုင်ငံကိုယ်စားပြုသူတွေကို ရွေးချယ်တဲ့ ကုလသမဂ္ဂ အရည်အချင်းစိစစ်ရေးကော်မတီကို စက်တင်ဘာလ ၅ရက်နေ့မှာ အသစ်ဖွဲ့စည်းခဲ့ပေမယ့် ကော်မတီအစည်းအဝေးထိုင်ပြီး ဆုံးဖြတ်တာမျိုး မရှိသေးပါဘူး။

အစည်းအဝေးကို နိုဝင်ဘာလကုန် ဒီဇင်ဘာလထဲမှာ ကျင်းပလေ့ရှိပြီး အရပ်အမြွက်ပြောစကားတွေအရ မနှစ်က ဆုံးဖြတ်ချက်အတိုင်းပဲ ဆက်သွားမယ်လို့ သိရတဲ့အကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက RFA မြန်မာပိုင်း သတင်းတစ်ရပ်မှာ ပြောဆိုထားပါတယ်။

မနှစ်က သံအမတ်နေရာအတွက် စစ်ကောင်စီနဲ့ NUG တို့ အပြိုင်တင်သွင်းခဲ့ကြပြီး စိစစ်ရေးကော်မတီ တစ်နှစ် ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် ဦးကျော်မိုးထွန်းကပဲ သံအမတ်အဖြစ် ဆက်ရှိနေတာပါ။

……………………………………

အာဏာရှင်နိုင်ငံတွေနဲ့ ပိုပူးပေါင်းလာတဲ့ စစ်ကောင်စီ

မြန်မာစစ်ကောင်စီဟာ ရုရှား၊ မြောက်ကိုရီးယား၊ ဘယ်လာရုစ်တို့နဲ့ ပူးပေါင်းမှုတွေ ပိုမိုလုပ်ဆောင်လာပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီက ရုရှားနဲ့ဆက်ဆံရေး ပိုမိုနီးကပ်လာသလို ဘယ်လာရုစ်၊ မြောက်ကိုရီးယားနဲ့လည်း သံတမန်ဆက်ဆံရေး တိုးမြှင့်လာတာပါ။

ဘယ်လာရုစ်နိုင်ငံမှာ စစ်ကောင်စီက စက်တင်ဘာလ ၁၅ရက်နေ့မှာ ကောင်စစ်ဝန်ချုပ်ရုံးဖွင့်လှစ်ပြီး သံတမန် ဆက်ဆံရေးကို တိုးမြှင့်တင်လာပါတယ်။ ရုရှားနဲ့ အိမ်နီးချင်းဖြစ်တဲ့ ဘယ်လာရုစ်ဟာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမျက်နှာစာမှာ မြန်မာစစ်ကောင်စီဘက်က ရပ်တည်ပေးနေတဲ့ နိုင်ငံဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှာလည်း စစ်ကောင်စီက သံအမတ်ခန့်အပ်လိုက်ပါတယ်။ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကို မြောက်ကိုရီးယားဆိုင်ရာသံအမတ်အဖြစ် ပူးတွဲခန့်အပ်လိုက်တာလို့ စက်တင်ဘာလ ၁၁ရက်နေ့မှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း ရုရှားသို့ ရောက်ရှိနေချိန်မှာပဲ အခုလို ကြေညာလိုက်တာပါ။

မြန်မာစစ်ကောင်စီဟာ နိုင်ငံတကာအသိုင်းအဝိုင်း သံတမန်ရေးအရ ဖယ်ကျဉ်ခံရတာတွေ များပြားနေအချိန် နိုင်ငံတကာ ဖယ်ကျဉ်ခံထားရတဲ့ ဘဝတူနိုင်ငံတွေနဲ့ ပိုနီးကပ်လာတာလို့လည်း ထောက်ပြမှုတွေ ရှိနေပါတယ်။

……………………………………

နိုင်ငံခြားငွေလဲကုမ္ပဏီတစ်ရာကျော်ကို စစ်ကောင်စီလိုင်စင်သိမ်း

နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ခွင့်ရထားတဲ့ ကုမ္ပဏီ ၁၂၃ ခုကို စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က စက်တင်ဘာလ ၁၉ ရက်နေ့မှာ လိုင်စင်ရုပ်သိမ်းလိုက်ပါတယ်။

ဗဟိုဘဏ်ရဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိတာကြောင့် အခုလို လိုင်စင်ရုပ်သိမ်းတာလို့ ဆိုပေမယ့် ဘယ်အချက်တွေကို မလိုက်နာတာလည်းဆိုတာကိုတော့ အတိအကျ မဖော်ပြပါဘူး။

အခုရုပ်သိမ်းခံရတာမှာ ခရီးသွားကုမ္ပဏီတွေ၊ ဆီဒိုးနားအပါအဝင် ဟိုတယ်လုပ်ငန်းတွေ၊ ကျောက်မျက်ရတနာ ကုမ္ပဏီတွေ၊ ဆောက်လုပ်ရေး ကုမ္ပဏီတွေ ပါဝင်ပါတယ်။

ဒီနှစ်အတွင်း လိုင်စင်သိမ်းခံရတဲ့ ငွေလဲကုမ္ပဏီ ၁၆၀ ကျော်အထိ ရှိလာတာပါ။

အမေရိကန်တစ်ဒေါ်လာကို ကျပ် ၃၅၀၀ ကျော်အထိ ဈေးပေါက်နေချိန်မှာ စစ်ကောင်စီ ဗဟိုဘဏ်က ၂၁၀၀ ကျပ်နဲ့ လဲလှယ်ရောင်းချခွင့် ပေးထားတာပါ။ ဒီလို့ ကန့်သတ်ထားတာဟာ အလုပ်လုပ်ဖို့ မဖြစ်နိုင်တာကြောင့် နဂိုကတည်းက လုပ်ငန်း ရပ်ထားတာတွေလည်း ရှိနေပါတယ်။

……………………………………

ဒုရဲအုပ်ဇနီးမောင်နှံ အသတ်ခံရပြီးနောက်မှာ ရွာသားခုနစ်ဦးအသတ်ခံရ

စစ်ကိုင်းတိုင်း သလွန်ဖြူရွာအနီး ဒုရဲအုပ်ဇနီးမောင်နှံ အသတ်ခံရပြီးနောက်မှာ ရွာသားခုနစ်ဦးလည်း သတ်ဖြတ်ခံလိုက်ရပါတယ်။

မန္တလေးလေဆိပ်မှာ တာဝန်ကျနေတဲ့ ဒုရဲအုပ်ဟာ ဇနီးသည်ရဲ့ မိခင်ဖြစ်သူဆီကို အလည်လာရောက်ပြီး စက်တင်ဘာလ ၁၃ရက်က အပြန်လမ်းမှာ လက်နက်ကိုင်လူတစ်စုရဲ့ ပစ်ခတ်သတ်ဖြတ်တာခံခဲ့ရတာကြောင့် ဇနီးမောင်နှံနှစ်ဦး သေဆုံးခဲ့ပါတယ်။

အဲဒီနောက် စက်တင်ဘာလ ၁၅ရက်နေ့မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး သလွန်ဖြူရွာသား ၃၀ကျော် ၄၀လောက်ကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီထဲက ခုနစ်ဦး သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေ ပြောဆိုချက်ကို ကိုးကားပြီး ပြည်တွင်းသတင်းတချို့မှာ ဖော်ပြကြပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေတာကြောင့် သလွန်ဖြူရွာအပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။

……………………………………

တိုင်းနဲ့ပြည်နယ်အများစုကို ခရီးမသွားဖို့ ဗြိတိန်ထုတ်ပြန်

မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတာကြောင့် တိုင်းနဲ့ပြည်နယ်အများစုကို ခရီးမသွားကြဖို့ ဗြိတိန်အစိုးရ သူ့နိုင်ငံသားတွေကို သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

ဗြိတိန်နိုင်ငံခြားရေး၊ ဓနသဟာယနဲ့ ဖွံ့ဖြိုးရေးရုံး FCDO က စက်တင်ဘာလ ၁၈ရက်နေ့မှာ အခုလို သတိပေးထားတာပါ။

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်မြောက်ပိုင်း၊ စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီကို လုံးဝခရီးမသွားဖို့ တားမြစ်ထားပြီး မန္တလေး၊ ရှမ်းနဲ့ ရခိုင်အလယ်ပိုင်းကိုတော့ မဖြစ်မနေသွားရမှာက လွဲရင် မသွားကြဖို့ ထုတ်ပြန်ထားပါတယ်။

……………………………………