အယုဒ္ဓယတွင် မြန်မာလုပ်သား ၁၀ ဦး ဖမ်းဆီးခံရ

0
985

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင် အမြန်လမ်းမပေါ်ရှိ ကားပေါ်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၀ ဦး စက်တင်ဘာလ ၂၂ ရက်နေ့က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

အယုဒ္ဓယမြို့ ဘန့်မိုင်ဒေသရှိ အမှတ် ၃၄၇ အဝေးပြေးလမ်းမပေါ်တွင် အိမ်စီးကားတစ်စီးကို မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးခံရန် အမြန်လမ်းရဲတပ်ဖွဲ့များက မီးနီပြ၊ အသံဖြင့် အချက်ပြခဲ့ကြောင်း ဆိုသည်။

သို့သော်လည်း ကားသည် စစ်ဆေးရေးရဲတပ်ဖွဲ့များကို တွေ့ရှိခဲ့ပြီးနောက် အရှိန်ဖြင့် မောင်းပြေးခဲ့သဖြင့် ရဲတပ်ဖွဲ့က နောက်က လိုက်လံဖမ်းဆီးခဲ့ရကြောင်း ဖော်ပြသည်။

ကားထဲတွင် ထိုင်းနိုင်ငံသား ကားသမားတစ်ဦးနှင့် မြန်မာအလုပ်သမား ၁၀ ဦး ကျပ်ကျပ်တည်းတည်း လိုက်ပါလာသည်ကို တွေ့ရကြောင်း သတင်းများတွင် ရေးသားထားသည်။  

မြန်မာအလုပ်သမာများတွင် နိုင်ငံကူးလက်မှတ်နှင့် တရားဝင် စာရွက်စာတမ်းများ မတွေ့ရှိရကြောင်း ဖော်ပြထားသည်။

အားလုံးသည် တာခ့်ခရိုင် မဲဆောက်ဒေသသို့ တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက်လာခဲ့ကြပြီး ခရီးစဉ်အတွက် ဘတ် ၁၅၀၀၀ ခန့်ကုန်ကျမည်ဖြစ်ကာ ခရီးစဉ်ရောက်ရှိမှသာ ပေးချေရမည်ဖြစ်ကြောင်း မြန်မာအလုပ်သမားများ၏ ဖြေကြားချက်ကို ကိုးကား ဖော်ပြသည်။

ထိုင်းနိုင်ငံသား ကားသမားသည် မြန်မာအလုပ်သမားများကို ခြောက်ကြိမ်အထိ ပို့ဆောင်ဖူးသူဖြစ်ပြီး အလုပ်သမား များကို တာခ့်ခရိုင် ဝမ်ကျောက်ဒေသ တောတွင်းတစ်နေရာမှတစ်ဆင့် အယုဒ္ဓယသို့ပို့ဆောင်ပေးရန် ဘတ် ၂၀၀၀၀ ဖြင့် ငှားရမ်းခံရသူဖြစ်ကြောင်း ရေးသားထားသည်။

အဆိုပါကားသမားသည် ပြီးခဲ့သော ဇူလိုင်လတွင် တရားမဝင် အလုပ်သမားများ ပို့ဆောင်မှုဖြင့် ဖမ်းဆီးခံခဲ့ရပြီး အာမခံရကာ တရားရင်ဆိုင်နေရသူဖြစ်ကြောင်း ဆိုသည်။

ထို့နောက် နောက်ထပ်ကားတစ်စီးကို အသုံးပြု၍ မြန်မာအလုပ်သမားများကို ပို့ဆောင်စဉ် ထပ်မံဖမ်းဆီးခံရခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူအားလုံးကို ဥပဒေအရ အရေးယူနိုင်ရန်အတွက် အယုဒ္ဓယရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းနေ့တွင်ပင် ချင်းမိုင်မြို့ တရုတ်စားသောက်ဆိုင်တစ်ခုတွင် အလုပ်ရှင် မတူဘဲ လုပ်ကိုင်နေသော မြန်မာအလုပ်သမားလေးဦးနှင့် ပိုင်ရှင် တရုတ်နိုင်ငံသား နှစ်ဦး ဖမ်းဆီးခံခဲ့ရသေးသည်။

Ref: Khaosod Online, FM 91, CH 7 New HD