ထားဝယ်အရှေ့တောတွင် စစ်ကောင်စီစစ်ကြောင်းကို PDF ပူးပေါင်းတပ်က တိုက်ခိုက်

0
2272

ထားဝယ်အရှေ့တောဒေသ သင်္ကန်းတုံးရွာတွင် စက်တင်ဘာ ၂၂ ရက် ညနေ ၄ နာရီခန့်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ပစ်ခတ်တိုက်ခိုက်ရာမှ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။

ထားဝယ်ဖက်နှင့် မေတ္တာကျေးရွာဖက်တို့က လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ကြောင်း သင်္ကန်းတုံးရွာတွင် လာပေါင်းစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သံမဏိပြောက်ကျားတပ်ဖွဲ့က တာဝန်ရှိသူက ပြောသည်။

“ကျွန်တော်တို့ နှစ်ဖက်ညှပ်ပစ်ကြတာပေါ့” ဟု တာဝန်ရှိသူက ပြောဆိုသည်။

သင်္ကန်းတုံးရွာဖက်က လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကို ပုန်းအောင်းနေသည့် နေရာက ကြားရကြောင်း လိပ်ကြယ်ပြောင်၊ ရမ္မဇူ၊ ပခပ်ရွာကဒေသခံများကို မေးမြန်းချက်အရ သိရသည်။

“ပစ်ခတ်သံတွေ ကျွန်တော်ကြားရတာ မိနစ် ၂၀ လောက်ရှိမယ်။ ပစ်ခတ်နေတာကို သွားလည်းကြည့်မရဘဲ။ စစ်ကြောင်းဝင်ကတည်းက ကျွန်တော်တို့လည်း တောထဲမှာ ပုန်းနေတာ ၄ ရက်ရှိပြီ။ အခုတော့ စစ်တပ်က ပြန်သွားကြပြီ” ဟု အရှေ့တောဒေသတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။

စက်တင်ဘာ ၁၉ ရက်တွင် ထားဝယ်က တက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ပခပ်ရွာသား ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်ပြီး နောက်တစ်ရက် နံနက်တွင် ပြန်လွှတ်ပေးခဲ့သည်။

စက်တင်ဘာ ၂၀ ရက်တွင် ကျောက်မဲတောင် ရဲကင်းစခန်းမှ သင်္ကန်းတုံးရွာသို့ ထွက်လာသည် စစ်ကောင်စီတပ် စစ်ကြောင်းသည် အသက် ၅ နှစ်အောက် ကလေးငယ်နှစ်ဦး အပါအဝင် ဝကုန်းရွာက အမျိုးသမီး၊ အမျိုးသား ၁၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာသူတို့၏ ပြောဆိုချက်ကို ကိုးကားကာ ဒေသခံအမျိုးသားတစ်ဦးက ပြန်လည်ပြောပြသည်။

စစ်ဘေးရှောင်လာချိန် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဖမ်းဆီးခံရသည့် ဒေသခံများတွင် အမျိုးသမီးနှင့် ကလေးငယ်များ အများဆုံး ပါဝင်ကြောင်း ၎င်းက ဆိုသည်။

၎င်းတို့အားလုံးသည် လက်‌ပြန်ကြိုးတုပ်ခံရကာ လည်ပင်းကြိုးကွင်းစွပ်ပြီး မိုးရေထဲတည အိပ်ခဲ့ရကြောင်း အထက်ပါ အမျိုးသားက ပြောဆိုသည်။

နောက်တစ်ရက် စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် အမျိုးသမီးနှင့် ကလေးငယ်များကို ပြန်လွှတ်ပေးခဲ့ပြီး အမဲလိုက်မုဆိုးတစ်ဦးတည်းကို သင်္ကန်းတုံးရွာအထိ လမ်းပြခေါ်ဆောင်သွားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

စစ်ကောင်စီတပ်စစ်ကြောင်းနှစ်ကြောင်း သင်္ကန်းတုံးရွာမှာ ပေါင်းဆုံပြီးနောက် အဆိုပါအမျိုးသားကို စစ်တပ်ကပြန်လွတ်ပေးခဲ့ကြောင်း ၎င်းက ပြောသည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် သွားရောက် ပစ်ခတ်တိုက်ခိုက်မှုတွင် နှစ်ဖက်ထိခိုက်မှုအခြေအနေကို မသိရသေးပါ။

စစ်ကောင်စီတပ်စစ်ကြောင်းသည် ရေဖြူနှင့် သရက်ချောင်းမြို့နယ်တို့ကိုလည်း စစ်ကြောင်းထိုးနေသည်။