ရေဖြူတွင် စစ်ရှောင်ပြည်သူများ ဖမ်းဆီးခံထားရ

0
1658

ရေဖြူမြို့နယ် ခမောင်းချောင်းရွာက စစ်ရှောင်ပြည်သူများကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံများထံမှသိရသည်။

ရွာအတွင်း စစ်ကြောင်းဝင်ရောက်လာသည့်အတွက် ဥယျာဉ်ခြံတွင် ပြောင်းရွှေနေထိုင်သည့် ခမောင်းချောင်းဒေသခံ မိသားစုလေးစုမှ စုစုပေါင်းလူဆယ်ဦးကို စက်တင်ဘာလ ၂၂ ရက် ညနေပိုင်းက ဖမ်းဆီးသွားခြင်းဖြစ်သည်။

အဆိုပါမိသားစုဝင်များ ထွက်ပြေးတိမ်းရှောင်နေသည့်နေရာသည် စစ်ကြောင်းဝင်‌ ရောက်သည့် လမ်းကြောင်းပေါ်တွင် ရှိနေခြင်းကြောင့် ဖမ်းဆီးထိန်သိမ်း ခံထားရခြင်းဖြစ်ကြောင်းသိရသည်။

“အမျိုးသမီးတွေ ရော ဖမ်းထားတယ်။ စစ်ကြောင်းက တောထဲကလာတယ်ဆိုတော့ ဘယ်နေရာ ဘယ်ရောက်နေတယ်ဆိုတာ ဘယ်သူမှမခန့်မှန်းနိုင်ဘူး”ဟု ခမောင်းချောင်းရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ထားဝယ်ရေနက်ဆိပ်ကမ်းဒေသတွင် စက်တင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းကတည်းကစပြီး စစ်ရေးလှုပ်ရှားနေခြင်းဖြစ်သည်။

စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ဝက်ချောင်း၊ခမောင်းချောင်း၊ဧကနိ၊ ဝဇွမ်းတော၊ရငဲ စသည့် ကျေးရွာများမှ ဒေသခံများမှာလည်း နီးစပ်ရာထွက်ပြေးနေကြရသည်။

“ရွာထဲမှာတော့ တစ်ယောက်မှမရှိတော့ဘူး အကုန်ထွက်ပြေးကုန်ပြီ”ဟု ဧကနိရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသအတွင်း ဩဂုတ်လမှ စက်တင်ဘာလအထိ နှစ်လအတွင်း သုံးကြိမ်ခန့် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ခြင်းလည်းဖြစ်သည်။

ပြီးခဲ့သည့်ဩဂုတ်လ ၂၅ ရက်နေ့က နေပြည်တွင် ကျင်းပသည့် စီးပွားရေးရာကော်မတီ အစည်းအဝေးတွင် အထူးစီးပွားရေးဇုန်များသည် နိုင်ငံအတွက်သာမက အိမ်နီးခြင်းနှင့် ဒေသတွင်းနိုင်ငံများ၏ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်ကူပြုသဖြင့် တိုးတက်မှုရရှိရန် အမြန်ဆုံးဆောင်ရွက်ရမည်ဟု စစ်ကောင်စီဥက္ကဋ္ဌကပြော ဆိုထားသည်။