အသက် ၆ လ အောက်ကလေးတွေကို ကတုံး တုံးပေးတဲ့ အယူအဆအမှား

0
1683

အသက် ၆ လအောက် ကလေးငယ်တွေကို ဆံပင်သန်စေဖို့၊ ပူလို့၊ ဝမ်းတွင်းဆံပင်ဖြစ်လို့ စတဲ့ အကြောင်းပြချက်တွေနဲ့ ကတုံး တုံးပေးနေကြတာဟာ လွဲမှားနေတဲ့အယူအဆဖြစ်ပါတယ်။

မွေးဖွားလာတဲ့ ကိုယ့်ရင်သွေးလေးတွေကို ပြည့်ပြည့်စုံစုံစင်လုံးချောလေးတွေဖြစ်ချင်ကြတာ ဖေဖေ၊ မေမေတိုင်းရဲ့ ဆန္ဒပါပဲ။ မွေးမွေးချင်းကလေး ဆံပင်လေး မသန်ရင်တောင် ဖေဖေ၊ မေမေတွေ စိတ်မချမ်းကြတော့ပါဘူး။

အဲဒီလိုအချိန်မျိုးမှာ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ မိတ်ဆွေကဖြစ်ဖြစ်၊ ဆွေမျိုး၊ မိဘ အသိုင်းအဝိုင်းကပဲဖြစ်ဖြစ် အကြံပေးတဲ့အတိုင်း လိုက်လုပ်မိကြလေ့ရှိပါတယ်။

ဆေးပညာအကြောင်း၊ နုနယ်သေးတဲ့ကလေးတွေရဲ့ အရေပြားအကြောင်းစတာတွေကို နားမလည်တော့ စေတနာနဲ့ အကြံပေးကြတာဖြစ်ပေမယ့် ကလေးအတွက်က ဝေဒနာဖြစ်သွားစေနိုင်ပါတယ်။

၆ လအောက် ကလေးတွေကို ကတုံး တုံးပေးတာတွေ မလုပ်သင့်တဲ့အကြောင်း ကျွမ်းကျင်သူတွေရဲ့ ပြောဆို ရေးသားထားမှုတွေကို ကိုးကားပြီး ဖော်ပြပေးလိုက်ပါတယ်။

ကတုံး တုံးတာက ဆံပင်သန်စေတယ်ဆိုတဲ့ အယူအဆအမှား။

ဖေဖေ၊ မေမေတွေ ကလေးကို ကတုံး တုံးပေးကြတဲ့ အကြောင်းအရာတွေထဲမှာ ဆံပင်ပိုသန်စေတယ်ဆိုတဲ့ အယူအဆမှားကလည်း တစ်ခုပါဝင်ပါတယ်။

ဆေးပညာကျွမ်းကျင်သူတွေကတော့ ကတုံး တုံးတာကြောင့် ဆံပင်ပိုသန်စေတယ်ဆိုတာဟာ သုတေသနပြုချက်တွေအရ မမှန်ကန်ဘူးလို့ ဆိုထားပါတယ်။ ဒါဟာမြန်မာတွေရဲ့ ရှေ့ရိုးအယူအဆတစ်ခုသာ ဖြစ်တယ်လို့ထောက်ပြကြပါတယ်။

ကလေးကို ကတုံး တုံးပေးတာ၊ ဆံပင်ညှပ်ပေးတာက ဆံပင်သန်တာမျိုးကို မဖြစ်စေဘူးဆိုတဲ့အကြောင်း OnDoctor Healthcare App က ရေးသားထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

နုနယ်တဲ့အရေးပြားကြောင့် ကတုံး မတုံးရ။

ဆေးပညာကျွမ်းကျင်သူတွေ၊ ဆရာဝန်တွေကတော့ အသက် ၆ လမပြည့်သေးတဲ့ ကလေးတွေကို ကတုံး မတုံးကြဖို့ ထပ်တလဲလဲ အကြံပြုနေကြပါတယ်။

 ကတုံး တုံးမယ်ဆိုရင် အသက် ၆ လကျော်မှ တုံးဖို့ကိုလည်း ထပ်ခါတစ်လဲလဲ ပြောဆိုနေကြပါတယ်။

အဓိကအကြောင်းကတော့ မွေးကင်းစကလေးတွေရဲ့ အရေပြားက အရမ်းကိုနုနယ်ပြီး ထိခိုက်ပွန်းရှလွယ်တာကြောင့် ဖြစ်ပါတယ်။

ဆံပင်ရိတ်ရာကနေ ဓားရှမိလို့ ဦးခေါင်းထိခိုက်ဒဏ်ရာရပြီး အဲဒီကနေတစ်ဆင့် အရေပြား ပိုးဝင်တာတွေ ဖြစ်တတ်တယ်လို့ ဆရာဝန်တွေက ဆိုထားပါတယ်။

လောင်းလုံးမြို့ပြည်သူ့ဆေးရုံမှာ ဆေးရုံအုပ်ကြီးအဖြစ် တာဝန်ကျဖူးတဲ့ ဒေါက်တာမင်းညွန့်ဝင်းကလည်း အသက် ၆ လ မပြည့်သေးတဲ့ကလေးတွေကို ကတုံး မတုံးပေးသင့်ဘူးလို့ ပြောဆိုပါတယ်။

“ဆံပင်က ကလေးရဲ့ကိုယ်မှာ လိုအပ်လို့ပါလာတာဖြစ်တယ်။ အဲဒါကို ကတုံးတုံးလိုက်တော့ မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာတွေဖြစ်လာတော့တာပေါ့။ အအေးမိတာတို့ ဘာတို့ဖြစ်သွားစေတာပေါ့” လို့ သူက ပြောပါတယ်။

၆ လအောက် ကလေးကို ကတုံး တုံးပေးရင် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေနဲ့ တွေ့ရတတ်သလဲဆိုတာကို ဒေါက်ချိုင်း-ကလေးကျန်းမာရေးက တင်ဆက်ထားတဲ့ ဗီဒီယိုကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

ဆံပင်သန်ချင်ရင် ဘာလုပ်ရမလဲ။

ကိုယ့်ကလေးဆံပင်က မသန်ဘူးဆိုရင် ကတုံး တုံးတာတွေမလုပ်ဘဲ သက်ဆိုင်ရာဆရာဝန်တွေ ညွန်ကြားတဲ့အတိုင်း လိုက်လုပ်ဖို့လိုပါတယ်။

ရုတ်တရက်ကြည့်လိုက်ရင် မွေးကင်းစကလေးတွေရဲ့ ဆံပင်က မသန်ဘူးလို့ ထင်ရလေ့ရှိပေမယ့် တကယ်တမ်းမှာတော့ အများစုက ဆံပင်သန်ကြတယ်လို့ ဒေါက်တာ မင်းညွန့်ဝင်းကဆိုပါတယ်။

ကလေးရဲ့ဆံပင်ဟာ မွေးကာစကနေ သုံးလအရွယ်လောက်အထိ မသန်မာ၊ မဖွံ့ဖြိုးသေးဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ဆံပင်မသန်ဘူးလို့ ထင်မှားတတ်လေ့ရှိကြတယ်လို့ ဆိုပါတယ်။

သုံးလနောက်ပိုင်းမှသာ တဖြေးဖြေးနဲ့ ဆံပင်သန်လာမှာဖြစ်ပါတယ်။ ဆံပင်အလုံးကြီးလာမှာ ဖြစ်ပါတယ်။

“ငယ်ငယ်က ဆံပင်မသန်ဘူးလို့ အပြောခံရတဲ့ကလေး နည်းနည်းကြီးလာရင်ကြည့်လိုက် ခေါင်းပြောင်ကြီး ဖြစ်နေတာတွေ့ဖူးလား။ တစ်နှစ်အရွယ်လောက်ဆို သိသာသွားပြီ။ အဲဒီအချိန်ဆို ကလေးရဲ့ ဆံပင်လည်း များလာတယ်လို့ ထင်ရလိမ့်မယ်။ တကယ်က ဆံပင်များလာတာသက်သက်မဟုတ်ဘူး။ ဆံပင်သန်လာတာ၊ အရွယ်အစားလုံးပတ်ကြီးလာလို့ ထူထူထဲထဲဖြစ်လာတာ” လို့ ဒေါက်တာမင်းညွန့်ဝင်းက ပြောပါတယ်။

ကလေးတွေရဲ့ဆံပင်ဟာ လယ်ထဲက စပါးပင်တွေနဲ့ ဆင်တူပါတယ်။ ပျိုးပင်းပေါက်အရွယ်မှာ လယ်ကွက်ထဲ ခပ်ကျဲကျဲဖြစ်နေတာမြင်ရပေမယ့် ရိတ်သိမ်းရမယ့်အရွယ်ရောက်တော့ ထူထပ်နေသလိုမျိုးဖြစ်တယ်လို့ ဒေါက်တာမင်းညွန့်ဝင်းက ဥပမာပေး ရှင်းပြပါတယ်။

ဆံပင်သန်ချင်တယ်ဆိုရင်တော့ ကတုံး တုံးပေးမယ့်အစား အာဟာရပြည့်ဝတဲ့ အစားအသောက်တွေ ကျွေးပေးတာက ပိုကောင်းတယ်လို့လည်း ဆိုပါတယ်။

ဘီတာမင်စီဓာတ်ပါတဲ့ အစားအသောက်တွေဖြစ်တဲ့ အချဉ်ဓာတ်များတဲ့ အသီးအနှံတွေ၊ ဟင်းနုနွယ်၊ ဘယ်ရီသီး၊ ငါး၊ စတာတွေကျွေးရမှာဖြစ်သလို ကြက်၊ ငါး၊ ဥအမျိုးမျိုး၊ ပဲပိစပ် ထွက်ကုန်တွေနဲ့ မြေပဲ စတာတွေကို ကျွေးမွေးရမယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ဆံပင်သန်အောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့အကြောင်း Hello ဆရာဝန် ဝက်ဘ်ဆိုက်မှာ ဖော်ပြချက်ကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

အသက် ၆လအောက် ကလေးတွေနဲ့ ပတ်သက်လို့ တခြားသိချင်တာတွေရှိရင်လည်း Dawei Watch Facebook ကွန့်မန့်ဘောက်မှာ ပြောခဲ့လို့ရပါတယ်။ သက်ဆိုင်ရာကျွမ်းကျင်သူတွေကို မေးမြန်းပြီး ဖော်ပြပေးနိုင်အောင် ကြိုးစားပါမယ်။

ပြီးခဲ့တဲ့ ဩဂုတ်လက ၆ လအောက်ကလေးတွေကို အစာကျွေး၊ ရေတိုက်လို့ရတယ်ဆိုတဲ့ အယူအဆအမှားနဲ့ ပတ်သတ်ပြီး Dawei Watch မှာ ဖော်ပြခဲ့ပြီးပါပြီ။ ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

သတင်းတု၊ သတင်းမှား၊ ဝါဒဖြန့်ချီမှု၊ လိမ်လည်တာတွေနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက် စိစစ်ထားတာတွေကိုလည်း Fact Check ကဏ္ဍမှာ ဝင်ရောက်ဖတ်ရှုနိုင်သလို သတင်းမှားလို့ သံသယရှိတာတွေ တွေ့လာရင်လည်း Dawei Watch သတင်းဌာနရဲ့ Facebook မက်ဆင်ဂျာကနေ ဆက်သွယ်အကြောင်းကြားပေးဖို့ ဖိတ်ခေါ်ပါတယ်။