အသက် ၆ လအောက်ကလေးကို ထမင်းကျွေး၊ ရေတိုက်လို့ရတယ်ဆိုတဲ့ အယူအဆအမှား 

0
2243

အသက် ၆ လအောက် ကလေးတွေကို ထမင်းတွေကျွေး၊ ရေတိုက်ကြတာဟာ လွဲမှားနေတဲ့ ရှေးရိုးစွဲအယူအဆတစ်ခုပါပဲ။



ကလေးက သေးလို့ ထမင်းအတင်းကျွေးခိုင်းသူက ကျွေးခိုင်း။ ရေဆာနေလိမ့်မယ် ရေလည်းတိုက်လို့ တိုက်တွန်းသူက တိုက်တွန်း။ ကလေးအသက် ၆ လမပြည့်သေးဘဲ ဒါတွေ မလုပ်ရဘူးလို့ ဆရာဝန်တွေက သေသေချာချာမှာထားပြီးသား။ ဒါပေမဲ့လည်း မရ။



ကလေးက အခုမှမွေးကာစ နုနုဖတ်ဖတ်လေး။ လူကြီးတွေလုပ်တာ အကုန်လိုက်လုပ်ခိုင်းနေတဲ့ လူကြီး မိဘတွေနဲ့ သားဦးဖေဖေ၊ မေမေတို့ အိမ်တွင်းတိုက်ပွဲလေး မကြာမကြာ ဆင်နွှဲရလေ့ရှိတယ်။



ကလေးတွေနဲ့ ပတ်သက်လို့ ကျန်းမာရေးအယူအဆအလွဲအမှားတွေ များစွာထဲက အသက် ၆ လအောက် ကလေးတွေကို ထမင်းကျွေးတာ၊ ရေတိုက်တာက လွဲမှားနေတယ်ဆိုတာကို ကျွမ်းကျင် ဆရာဝန်အချို့နဲ့ ကလေး သူငယ်ဖွံ့ဖြိုးရေးလုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေကို ကိုးကားပြီး ဖော်ပြပေးလိုက်ပါတယ်။

ထမင်းကျွေး၊ ရေတိုက်လို့မရတာ ဘာကြောင့်လဲ။

အသက် ၆ လမပြည့်သေးတဲ့ ကလေးကို ထမင်းကျွေးတာ၊ ရေတိုက်တာ မလုပ်ဖို့၊ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးဖို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF လို ကလေးဖွံ့ဖြိုးရေးလုပ်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေ၊ ဆေးပညာဆိုင်ရာ တတ်သိပညာရှင်များက ပြောဆိုထားပါတယ်။



ပထမ ၆ လအတွင်း မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးဖို့ ယူနီဆက် UNICEF Myanmar ရဲ့ အကြံပြုချက်



“ပထမခြောက်လအတွင်းမှာ အခြားအစားအစာနဲ့ ရေတွေမပါဘဲ မိခင်နို့တစ်မျိုးတည်းကိုသာ သီးသန့်တိုက်ကျွေးပါ” လို့ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်ဖြစ်တဲ့ ဩဂုတ်လ ၃ ရက်နေ့က UNICEF Myanmar ရဲ့ Facebook စာမျက်နှာမှာ ရေးသားထားတာပါ။ 

မူရင်းပို့စ်ကို  ဒီနေရာမှာ နှိပ်ပါ။

ဖေဖေ၊ မေမေတွေက နို့တိုက်တာတစ်ခုတည်းနဲ့ ကိုယ့်ကလေး ဗိုက်မဝမှာကို စိုးရိမ်တာ၊ ကလေးကြီးထွား ဖွံ့ဖြိုးမှု မရှိမှာ စတဲ့ စိုးရိမ်စိတ်တွေနဲ့ တစ်ကြောင်း အိမ်က မိဘ၊ ယောက္ခမတွေရဲ့စကား မလွန်ဆန်နိုင်တာတွေကြောင့် အသက် ၆ လပြည့်သေးခင် ကလေးကို ထမင်းကျွေးမိတတ်ကြပါတယ်။ ရေတိုက်မိတတ်ကြပါတယ်။



အသက် ၆ မပြည့်သေးတဲ့ကလေးကို ထမင်းကျွေးရေတိုက်ဖို့ ပတ်ဝန်းကျင်က ပြောလာရင် ရဲရဲတင်းတင်းငြင်းဆန်ကြဖို့ ဆရာဝန်တွေက အကြံပြုထားပါတယ်။

ထမင်းမကျွေး ရေမတိုက်ရင် အာဟာရပြည့်ပါ့မလား  

“အသက် ၆ လ မပြည့်သေးတဲ့ ကလေးကို မိခင်နို့ပဲတိုက်။ မိခင်နို့မှာ ကလေး ၆ လအောက်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ အားလုံးပါတယ်။ ခြောက်လအထက်ရောက်ပြီဆိုမှသာ ကလေးကြီးထွားဖို့အတွက် အာဟာရ မလုံလောက်တော့တဲ့အတွက် မိခင်နို့အပြင် ဖြည့်စွက်စာကျွေးရမယ်” လို့ ဆရာဝန်တစ်ဦးက ရှင်းပြပါတယ်။

မိခင်နို့ထဲမှာ လသားကလေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်၊ ရေဓာတ်အပြင် ကလေးတွေမှာဖြစ်ပွားလေ့ရှိတဲ့ ရောဂါအချို့ကို ကာကွယ်ပေးနိုင်တဲ့ ခုခံအားတွေ ပါဝင်ပြီးဖြစ်တယ်လို့ ဆိုထားပါတယ်။

“မွေးကင်းစကနေ ၆ လအောက် ကလေးတွေကို မိခင်နို့တစ်မျိုးတည်းကိုပဲ တိုက်တဲ့အခါမှာ ရေဆာမှာစိုးလို့၊ ဗိုက်ဆာမှာ စိုးတယ်လို့ ပြောကြတာပေါ့နော်။ ရေဆာတာကို ပြန်ရှင်းရရင် မိခင်နို့မှာ ရေပါပြီးသား” လို့ အထက်ပါဆရာဝန်က ပြောဆိုပါတယ်။



လူကြီးတွေ နွားနို့သောက်ရင် ရေဆာပြေသလိုပဲ ကလေးတွေဟာလည်း မိခင်နို့စို့ရရင် ရေဓာတ်အပြည့်အဝ ရတယ်လို့လည်း ဥပမာပေးရှင်းပြပါတယ်။

UNICEF Myanmar ကလည်း ၆လအရွယ်မှာ မိခင်နို့ဟာ အကောင်းဆုံးနဲ့ အာဟာရကို ရရှိစေနိုင်တဲ့ တစ်ခုတည်းသောအရာလို့ ဆိုပါတယ်။



“မိခင်နို့က ကလေးငယ်တွေအတွက် ပထမခြောက်လအရွယ်မှာ လိုအပ်တဲ့ အကောင်းဆုံးနဲ့ တစ်ခုတည်းသော အာဟာရကို ရရှိစေပါတယ်။ မိခင်နို့က ရောဂါအမျိုးမျိုးကို ကာကွယ်ပေးဖို့ အထောက်အကူပြုသလို ဦးနှောက်ဖွံ့ဖြိုးဖို့အတွက်လည်း အားပေးမြှင့်တင်ပေးပါတယ်” လို့ UNICEF Myanmar ရဲ့ Facebook စာမျက်နှာမှာ ဩဂုတ်လ ၄ ရက်နေ့က ရေးသားထားပါတယ်။ 

မူရင်းပို့စ်ကို ဒီနေရာမှာ နှိပ်ပါ။

အသက် ၆ လမပြည့်သေးတဲ့ ကလေးရဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေဟာ လူကြီးတွေလိုမျိုး ကောင်းကောင်း အလုပ်မလုပ်နိုင်ကြသေးပါဘူး။ ဥပမာ လူကြီးက ထမင်းစားပြီး အစာကြေလွယ်ပေမယ့် ကလေးက အစာကြေဖို့ ခက်ခဲပါတယ်။ ကလေးရဲ့ အစာခြေစနစ်က လူကြီးလိုမျိုး အလုပ်မလုပ်နိုင်သေးတာကြောင့်ဖြစ်ပါတယ်။




နို့ထွက်နည်းတဲ့ မိခင်တွေ ဘယ်လို ကုစားမလဲ 

မိခင်နို့ မထွက်ရင်ရော ဘယ်လိုလုပ်မလဲလို့ မေးခွန်းမေးစရာရှိလာပါတယ်။ တကယ်လည်း တချို့မိခင်တွေ နို့ထွက်နည်းလေ့ရှိပါတယ်။

အဲဒီအပေါ် ဆရာဝန်တစ်ဦးက အခုလိုရှင်းပြပါတယ်။



“မိခင်နို့မထွက်ရင် ဘာလုပ်မလဲဆိုရင် များများစား၊ ရေများများသောက်၊ အားရှိအောင်စား၊ နို့ကထွက်တယ်။ အဓိကက မိခင်ဖြစ်တဲ့သူက စိတ်ဖိစီးမှုများတယ်။ အိပ်မပျော်ဘူး။ မစားမသောက်ဘူး။ ငါးခြောက်နဲ့ပဲ စားနေမယ်၊ ပြီးရင် အချိုပါတာတွေ မစားဘူး။ အဲဒီလိုဟာတွေဆို အဆင်မပြေဘူး။ အိုဗာတင်းများများသောက် နို့ထွက်တယ်”



သူဆိုလိုတာက နို့တိုက်မိခင်တွေဟာ အစားရှောင်ဖို့ မလိုအပ်ဘူး။ အစုံစားရပါမယ်။ စိတ်ဖိစီးမှု မရှိအောင်နေရမယ်။ အတတ်နိုင်ဆုံး အိပ်ရေးဝဝအိပ်မယ်။ ကလေးအိပ်ချိန် မိခင်ပါလိုက်အိပ်တာမျိုး အဲဒါတွေကို စနစ်တကျ လိုက်လုပ်မယ်ဆိုရင် နို့ထွက်ပါတယ်။



မိခင်နို့တိုက်ကျွေးတာရဲ့ ကောင်းကျိုးတွေအပါအဝင် မိခင်နို့တိုက်ကျွေးတာတွေနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေအကြောင်း Save the children က ထုတ်ပြန်ထားတာကို ဒီနေရာမှာ နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

ကလေးငယ် ၆လအအတွင်း မိခင်နို့တစ်မျိုးတည်း မသောက်ရရင် သေဆုံးနိုင်ခြေ ပိုများ 

စေတနာလွန်ပြီး သတ်မှတ်အချိန်မတိုင်ခင် အစာကျွးတာ၊ ရေတိုက်တာတွေလုပ်မိခဲ့ရင် ကလေးအတွက် မလိုလားအပ်တဲ့ ရောဂါတွေ ဝင်လာနိုင်သလို ကလေးကြီးထွားဖွံ့ဖြိုးမှုနှေကွေးတာ၊ ဉာဏ်ရည်ထိခိုက်တာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကိုယ့်ကလေးတွေက ခံစားကြရမှာပါ။ စေတနာကနေ ဝေဒနာတွေ မပေးမိကြဖို့ ဂရုစိုက်ကြရမှာဖြစ်ပါတယ်။

“ဘဝ၏ ပထမဆုံး ခြောက်လအတွင်း မိခင်နို့မသောက်သုံးရသည့် ကလေးငယ်တစ်ဦးသည် မိခင်နို့တစ်မျိုးတည်း သောက်သုံးရသည့် ကလေးတစ်ဦးထက် သေဆုံးနိုင်ခြေ ၁၄ ဆပိုများပါသည်။ ၎င်းတို့သည် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အဆုတ်ရောင်ရောဂါ၊ အာဟာရချို့တဲ့မှု နှင့် အခြားသော ကလေးရောဂါများ ဖြစ်နိုင်ခြေလည်း ပိုများပါသည်” လို့ UNICEF Myanmar နဲ့ Myanmar Nutrition Cluster ပူးတွဲထုတ်ပြန်ချက်က ဆိုပါတယ်။

ပူးပေါင်းထုတ်ပြန်ထားတဲ့ ‘မိခင်နို့သည် ကလေးများအတွက် ဘေးအကင်းဆုံးနှင့် စရိတ်စကအသက်သာဆုံး ရွေးချယ်စရာ အမြဲဖြစ်’ လို အမည်ပေးထားတဲ့ ပူးတွဲထုတ်ပြန်ချက်ကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။



အသက် ၆ လ မပြည့်သေးတဲ့ကလေးကို ကလေးရဲ့ လိုအပ်ချက်အရ အစာနဲ့ ရေကျွေးမယ်ဆိုရင် ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ သေချာဆွေးနွေးဖို့လိုပါတယ်။ ဥပမာ လမစေ့၊ ပေါင်မပြည့်တဲ့ ကလေးမျိုးဆိုရင် ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်းသာ လိုက်နာလုပ်ဆောင်သင့်ပါတယ်။



ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးရုံအုပ်တာဝန်ကျဖူးတဲ့ ဒေါက်တာမင်းညွန့်ဝင်းကတော့ အသက် ၆လအောက် ကလေးတွေကို ပြုစုစောင့်ရှောက်ရာမှာ လွဲမှားနေတဲ့ ရှေးရိုးစွဲအယူအဆတွေနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။



“ကျန်းမာရေးမှာ ရှေးရိုးစွဲအယူတွေရှိတယ်။ ငါတို့အရင် ကလေးတုန်းကလည်း ဒီလိုပဲပေါ့။ နင်တို့ကိုလည်း ဒီလိုပဲကျွေးပြီး ကြီးလာကြတာပဲဆိုပြီး ရှေးရိုးစွဲအယူတွေရှိကြတယ်။ နည်းနည်းပညာတတ်လာတဲ့သူတွေကြတော့ အဲဒီရှေးရိုးစွဲအယူတွေကို လိုက်မလုပ်ကြတော့ဘူး”



အချုပ်ပြောရင်တော့ မွေးစကနေ အသက် ၆ လအောက်ကလေးတွေကို အစာနဲ့ရေ တိုက်လို့ရတယ်ဆိုတာဟာ မှားယွင်းတဲ့ အယူအဆတွေသာဖြစ်ပါတယ်။



ဆေးဖက်ဆိုင်ရာ ကျန်းမာရေးပညာရှင်တွေကတော့ အသက် ၆ လအောက်ကလေးတွေကို မိခင်နို့တစ်မျိုး တည်းကိုသာ တိုက်ဖို့ သက်သေသာဓက အထောက်အထားတွေနဲ့ ညွှန်းဆိုနေပါတယ်။