မြန်မာစစ်ဘေးဒုက္ခသည်တွေ အတွက် ထိုင်း‌- မြန်မာ နယ်စပ်မှာလူသားချင်းစာနာထောက်ထားမှုစင်္ကြံဖွင့်လှစ်နိုင်ရေး ထိုင်းလွှတ်တော်ကို တင်ပြ

0
1526

မြန်မာစစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ၊စစ်ရာဇဝတ်ကျူးလွန်မှုတွေကြောင့် ထိုင်း – မြန်မာ နယ်စပ်တလျှောက် လာရောက်ခိုလှုံနေတဲ့ မြန်မာစစ်ဘေးဒုက္ခ‌သည်တွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးဖို့ ဒီကနေ့ ဩဂုတ်လ ၁၀ ရက်နေ့ မှာကျင်းပတဲ့ ထိုင်းအောက်လွှတ်တော် အစည်းအဝေးမှာတင်သွင်းခဲ့တယ်လို့ သိရှိရပါတယ်။

မြန်မာ စစ်ဘေးဒုက္ခသည်တွေ အတွက် ထိုင်း‌- မြန်မာ နယ်စပ်မှာလူသားချင်းစာနာထောက်ထားမှုစင်္ကြံဖွင့်လှစ်နိုင်ရေး အောက်လွတ်တော်အမတ် ကန်နာဝီ ဆစ်ဘ်ဆန်( Kanvee Suebsaeng)က တင်သွင်းခဲ့တာဖြစ်ပါတယ်။

ကန်နာဝီ ဆစ်ဘ်ဆန်( Kanvee Suebsaeng) ဟာ ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီနဲ့ ညွန့်ပေါင်းအဖြစ်ဖွဲ့စည်းထားတဲ့ ပါတီ ၈ ခု ထဲက တစ်ပါတီ ဖြစ်တဲ့ Fair Party ရဲ့ အထွေထွေ အတွင်းရေးမှူး တစ်ဦးဖြစ်သလို အောက်လွှတ်တော် အမတ်လည်းဖြစ်ပါတယ်။

သူဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဖောင်ဒေးရှင်းတွေ ထူထောင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနယ်စပ်ဒေသတလျှောက်မှာ လာရောက်ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် အရေအတွက် ၃၀၀၀၀၀ ထိရှိနေပြီး ဒုက္ခသည်တွေကို အကူအညီပေးရေး အတွက် ဘာတွေပြင်ထားသင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး အထူးအလေးပေးဆွေးနွေးလိုကြောင်း လွှတ်တော်အမတ် ကန်နာဝီ ကပြောတယ်။

အခုလို စစ်ဘေးရှောင်လူဦးရေ အဆမတန် တိုးများလာရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ မြန်မာစစ်တပ်က လက်နက်မဲ့ အရပ်သား ပြည်သူတွေကိုပါ သူတို့ရဲ့ စစ်ဆင်ရေးထဲ ထည့်သွင်း တိုက်ခိုက်နေတာကြောင့်ဖြစ်တယ်လို့လည်း သူကတင်ပြခဲ့ပါတယ်။

“သူတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် မြန်မာပြည်သူလူထုသာမက ထိုင်းနိုင်ငံသားတွေပါ ထိခိုက်ခံစားနေရပါတယ်။မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်ကြောင့် ထိုင်းပြည်သူ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိထားပါတယ်။

ထိုင်းနိုင်ငံမှာ ခိုလှုံနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည် ၃၀၀,၀၀၀ ကျော်အတွက် ဘာတွေပြင်ဆင်ထားကြမလဲ…ဘာတွေ လုပ်ဆောင်လို့ ရသေးလဲဆိုတာ ထိုင်းဝန်ကြီးချုပ်ကနေ အထူးအလေးပေး ဆွေးနွေးရတော့မှာ ဖြစ်ပါတယ်”လို့ လွှတ်တော်အမတ် ကန်နာဝီ ကဆိုပါတယ်။

ကန်နာဝီ ဆစ်ဘ်ဆန် (Kanvee Suebsaeng) ရဲ့ တင်ပြချက်ထဲမှာ
ထိုင်း-မြန်မာနယ်စပ်က ပြည်သူတွေအတွက် လိုအပ်တဲ့ အကာအကွယ်တွေပေးနိုင်ရေး အတွက် အဓိက အချက် သုံးချက် ဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ ကန်နာဝီ ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြထားပါတယ်။

ပထမအချက်အနေနဲ့ ထိုင်း-မြန်မာ နယ်စပ်ဒေသမှာ လူသားချင်းစာနာထောက်ထားမှုစင်္ကြံ (Humanitarian Corridor) တစ်ခုကို နှစ်နိုင်ငံနယ်နမိတ်ထဲကနေ ၅ ကီလိုမီတာ အကွာအဝေး အညီအမျှ သတ်မှတ်ပေးဖို့ မြန်မာစစ်တပ်နဲ့ ဆွေးရန်လိုအပ်ကြောင်း တင်ပြခဲ့တာဖြစ်ပါတယ်။

လူသားချင်းစာနာထောက်ထားမှုစင်္ကြံ (Humanitarian Corridor) ဖွင့်လှစ်ပေးထားတာကြောင့် နယ်စပ်ဒေသက ဒေသခံတွေအတွက် ဘေးကင်းစေမှာဖြစ်သလို စစ်ဘေးရှောင်တွေအတွက်လည်း ခိုလှုံစရာ ရသွားမှာ ဖြစ်တယ်လို့ ကနာဝီက အကြံပြုခဲ့ဝာာပဲဖြစ်ပါတယ်။

ဒုတိယအဆင့်အနေနဲ့ နှစ်နိုင်ငံ သီးသန့်ဆွေးနွေးတာမဟုတ်ဘဲ နိုင်ငံပေါင်းစုံ ပူးပေါင်းဆွေးနွေးတာမျိုး လုပ်‌ဆောင်သင့်ကြောင့် တင်ပြခဲ့ပါတယ်။ အထူးသဖြင့် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်အရ အာဆီယံအထူးသံတမန်ကတဆင့် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်တလျှောက် “ဘေးကင်း‌ရေးဇုန်”(Safety Zone) ကို အမြန်ဆုံး အကောင်အထည်ဖော်ရေး တွန်းအားပေးသင့်တယ်လို့ အကြံပြုခဲ့တာဖြစ်ပါတယ်။

ကန်နာဝီ ရဲ့ တတိယအကြံပြုချက်ကတော့ အနာဂတ်ကာလမှာ အမျိုးသားလုံခြုံရေးကောင်စီ ဥက္ကဋ္ဌ ဖြစ်လာမယ့် ထိုင်းဝန်ကြီးချုပ်အနေနဲ့ လူသားချင်းစာနာထောက်ထားမှုစင်္ကြံ (Humanitarian Corridor) ဖွင့်လှစ်နိုင်ရေးအတွက် မူဝါဒကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ဆိုပါတယ်။

“ဝန်ကြီးချုပ်ရုံး အမိန့်နဲ့သာ ဒီကိစ္စကို ကိုင်တွယ်ရမှာ ဖြစ်တာကြောင့် ဝန်ကြီးချုပ်အနေနဲ့ မြန်မာစစ်ဘေးရှောင် ပြည်သူတွေအတွက် နေရာချထားရေးဆိုင်ရာ ကိစ္စရပ်တွေမှာ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းကာလူသားချင်းစာနာထောက်ထားမှုစင်္ကြံ (Humanitarian Corridor) ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားပါတယ်” လို့ သူကအကြံပြုခဲ့ပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ သံရုံးတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ပြီး မြန်မာဒုက္ခသည်တွေအတွက် လိုအပ်တဲ့ အကူအညီတွေပေးအပ်နိုင်ရေး နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ မြန်မြန်ဆန်ဆန်နဲ့ လုံလုံလောက်လောက် ပေးအပ်နိုင်ရေး ကြိုတင်စီမံထားရှိသင့်တာတွေကို ဆွေးနွေးအဖြေရှာကြဖို့ တိုက်တွန်းတင်ပြကြောင်း ကန်နာဝီ က လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။