ပုလောနှစ်ရက်တာ တိုက်ပွဲအတွင်း အရပ်သားတစ်ဦးသေဆုံး

0
1185
ပုံစာ - တိုက်ပွဲဝင်နေသည့် ပုလောပြည်သူ့ကာကွယ်ရေးတပ် (ပုံဟောင်း)

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ လက္ကူးကျေးရွာတွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွါးခဲ့ပြီး တိုက်ပွဲအတွင်း အရပ်သားတစ်ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း(၁) ၏ ယနေ့ထုတ်ပြန်ချက်အရသိရသည်။

စက်တင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် စစ်ကြောင်းထိုးလာပြီး လက္ကူးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် နှစ်ရက်အတွင်း အကြိမ်ကြိမ်အနီးကပ် တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲပထမရက်တွင် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ပြီး ဒုတိယနေ့တွင် ၁ ဦးထပ်မံသေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရသိရသည်။ သို့သော် ယင်းအချက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

တိုက်ပွဲအတွင်း လက္ကူးရွာမှ နေအိမ် ၁၂ လုံးကို စစ်ကောင်စီတပ်မှ မီးရှို့ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ရှိရာသို့ တိုတောင်နှင့် ပင်လယ်ဝရှိစစ်သင်္ဘောများမှ လက်နက်ကြီးများဖြင့်  အကြိမ်များစွာပစ်ခတ်ခဲ့သည်ဟု ဒေသခံများ ကပြောသည်။

“တစ်မနက်တည်းကို အလုံးရှစ်ဆယ်လောက်ပစ်တယ်။ ကုန်းရော ပင်လယ်ထဲကပါညှပ်ပစ်တယ်”ဟု ဒေသခံအမျိုးသားကပြောသည်။

လက်နက်ကြီး နေအိမ်ပေါ်ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၄၈ နှစ်ရှိ အရပ်သား ဦးသန်းဇော်  သေဆုံးခဲ့ရသလို ပြည်သူ့ကာကွယ်ရေးတပ်ဖက်မှလည်း ရဲဘော်တစ်ဦး ဒဏ်ရာ(မစိုးရိမ်ရ )ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းတိုက်ပွဲများကြောင့် မြတောင်၊မှော်ကြောင်း၊ပိတပ်နှင့် လက္ကူးကျေးရွာ ဒေသခံထောင်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရကြောင်း ဒေသခံများ ထံမှသိရသည်။