ပုလောမြဒေါင်ရွာမှ နေအိမ်များကို စစ်ကောင်စီတပ် မီးရှို့

0
1157
ပုံစာ - ယနေ့မွန်းလွှဲက မီးရှို့ခံခဲ့ရသည့် မြဒေါင်ရွာ။ Photo - ပုလောပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မြဒေါင်(မဒေါင်)ကျေးရွာမှ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့နေကြောင်း ဒေသခံများ ထံမှသိရသည်။

လက္ကူးရွာဘက်မှ မြဒေါင်ရွာဘက်သို့ စစ်ကြောင်း ပြန်ဆုတ်လာသည့် စစ်ကောင်စီတပ်သည် ယနေ့နေ့လယ်ပိုင်းက မြဒေါင်ရွာရှိနေအိမ် အချို့ကို မီးတင်ရှို့ခဲ့သည်ဟု ဒေသခံများ ကပြောသည်။

“လေးလုံးရှို့လိုက်တယ်လို့ စရှို့ချိန်ကကြားရတယ်။ နောက်ထပ် ဘယ်လောက်ထပ်ရှို့လည်း ဆိုတာတော့ အတိအကျမသိရသေးဘူး”ဟု ဒေသခံအမျိုးသား ကပြောသည်။

တိုက်ပွဲဖြစ်ပွားသံကြားရခြင်းမရှိသော်လည်း မြဒေါင်ရွာဘက်မှ မီးခိုးလုံးများ အများအပြား တက်လာသည်ကို မြင်တွေ့ရသည်ဟု ဒေသခံများ ကပြောသည်။

“မဒေါင်ရွာမီးရှို့ခံရတာက အမှန်ပါပဲ။ ဘယ်နှစ်ဆောင်ဆိုတာ မေးမရသေးဘူး။ ဖုန်းလိုင်းလည်းမကောင်း လူတွေလည်း ထွက်ပြေးနေကြရတယ်”ဟု ဒေသခံနောက်တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်က စက်တင်ဘာ ၁၅ ရက်နေ့နှင့် ၁၆ ရက်များတွင် လက္ကူးကျေးရွာမှ နေအိမ် ၁၂လုံး ခန့်ကို မီးရှို့ခဲ့ပြီး မနေ့ကလည်း ပြင်းဖြူရွာက နေအိမ် ၃ ဆောင်ကိုလည်း မီးရှို့ခဲ့သေးကြောင်း ဒေသခံများ ကဆိုသည်။

“(စစ်ကောင်စီက) မိသားစုဝင်လေးဦးကို ပစ်သတ်ခဲ့တယ်လို့ သိရတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။

အရပ်သားလေးဦး ပစ်သတ်ခံရခြင်းနှင့်ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

လက္ကူးကျေးရွာအုပ်စုအတွင်း ယခုရက်ပိုင်းအတွင်း နှစ်ဖက်တိုက်ပွဲများ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံအများအပြား ထွက်ပြေးနေရကြောင်း သိရသည်။