ကော့သောင်းတွင် နှစ်ရက်ဆက်တိုက် ပိုင်ရှင်မဲ့အလောင်းတွေ့

0
1386
ဓာတ်ပုံ-ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့။ ပုံစာ - ပိုင်ရှင်မဲ့အလောင်းများကို ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့က ကူညီ‌ဆောင်ရွက်ပေးနေစဉ်။

ကော့သောင်းမြို့ ဆိပ်ကမ်းသာပန်းခြံတွင် စက်တင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်နေ့ နှစ်ရက်ဆက်တိုက် ပိုင်ရှင်မဲ့ အလောင်းနှစ်လောင်းတွေ့ရှိခဲ့ကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့မှ သိရသည်။

“ပိုင်ရှင်မဲ့အလောင်းတွေက အိမ်ခြေယာမဲ့တွေပါ” ဟုရွှေအဏ္ဏဝါ ပရဟိတလူငယ်အဖွဲ့ဝင် က ပြောသည်။

အသက် ၂၀ ကျော်နှင့် အသက် ၆၀ ကျော်ရှိ သေဆုံးသူနှစ်ဦးမှာ အဟာရချို့တဲ့ခြင်းနှင့် အရက်သောက်ခြင်းကြောင့် ကျန်းမာရေးထိခိုက်ပြီး သေဆုံးရခြင်းဖြစ်နိုင်ကြောင်း ၎င်းကမှတ်ချက်ပြုသည်။

ပိုင်ရှင်မဲ့အလောင်းများကို ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ခြင်း၊ မီးသင်္ဂြုလ်ခြင်းတို့ ‌ဆောင်ရွက်ပေးခဲ့ကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့မှ သိရသည်။

အိမ်ခြေယာမဲ့ဦး နှစ်ဆယ်ခန့်မှာ ဆိပ်ကမ်းသာပန်းခြံ၊ ကမ်းနားလမ်းရှိ နတ်ကွန်း၊ ရှင်ကြီးမော်နတ်ကွန်းနှင့် လင်းမချိုင်ဈေးအနီးတို့တွင် နေထိုင်ကြကြောင်း ရွှေအဏ္ဏဝါ ပရဟိတလူငယ်အဖွဲ့နှင့် မြို့ခံအချို့က ပြောပြသည်။

“နယ်ခံတွေမဟုတ်ဘူး၊ ရှမ်းကမ်း(ထိုင်း)ကနေ ပြန်လာပို့တဲ့သူတွေပါ။ အရက်သမားတွေပါမယ်၊ အချို့ကလည်း စိတ်မနှံဘဲ ကျန်ရစ်တာတွေရှိတယ်” ဟု ကော့သောင်းမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ အိမ်ခြေယာမဲ့များမှာ ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးပြစ်ဒဏ်ကျခံပြီးနောက် ကော့သောင်းဘက်သို့ ပြန်လည်လွှဲပြောင်းပေးလာသူများအနက် နေရပ်မပြန်ပဲ ကျန်ရစ်ခဲ့သူတို့ဖြစ်ကြကြောင်း ၎င်းက ပြောပြသည်။

အိမ်ခြေယာမဲ့နေထိုင်သူများထဲမှ နေရပ်ပြန်ရန် လမ်းစရိတ်မတတ်နိုင်သူ ခုနှစ်ဦးကို စရိတ်စက အကုန်အကျခံပြီး ပြန်ပို့ပေးခဲ့ပြီးဖြစ်ကြောင်း ပရဟိတလူငယ်အဖွဲ့ဝင်က ပြောပြသည်။

ထို့ပြင် စက်တင်ဘာလ ၁၅ ရက်နေ့က ကမ်းနားလမ်းရှိ ဝိတိုရိယအငူအနီးတွင် ကော့သောင်းမြို့နေ အသက် ၂၀ နှစ်ကျော်ရှိ စိတ်ဝေသနာသည် အမျိုးသမီးတစ်ဦး ရေထဲသို့ ခုန်ကျသဖြင့် သေဆုံးခဲ့ရကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့မှ သိရသည်။