တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
1543

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

စက်တင်ဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ

မြောက်ကိုးရီးယား တည်ထောင်ခြင်း ၇၅ နှစ်ပြည့် ကျင်းပ၊ တရုတ်နှင့် ရုရှားတက်ရောက်

မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပြုံယမ်းမြို့တော်မှာ စက်တင်ဘာလ ၈ ရက်နေ့ညက စစ်ရေးပြအခမ်းအနား ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို ခေါင်းဆောင် ကင်ဂျုံအန်းနဲ့ သမီးဖြစ်သူတို့ တက်ရောက်ခဲ့ပြီး ပြုံယမ်းမြို့တော် ကင်အယ်စွန်း (Kim Il Sung) ရင်ပြင်မှာ ကျင်းပခဲ့တာပါ။

အခမ်းအနားကို တရုတ်ထိပ်တန်းဒုခေါင်းဆောင် လူဂွမ်ကျုံး (Liu Guozhong) ဦးဆောင်တဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။

ရုရှားနိုင်ငံက ဂီတနဲ့အကအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ ရုရှားသံတမန်တွေလည်း တက်ရောက်ခဲ့ပါသေးတယ်။

ဒါကြောင့် အမေရိကန်နဲ့ ထိပ်တိုက်တွေ့ဆုံနေချိန် မြောက်ကိုရီးယားက တရုတ်၊ ရုရှားတို့နဲ့ ဆက်ဆံရေး ကောင်းမွန်မှုရှိနေတယ် ဆိုတာကို ပြသလိုက်တာပဲ့ ဖြစ်ပါတယ်။

Ref: Aljazeera

………………………………..

မော်ရိုကို ငလျင်ကြောင့် သေဆုံးသူ ၂၉၀၀ ကျော်လာ

မော်ရိုကိုနိုင်ငံမှာ စက်တင်ဘာလ ၈ ရက်နေ့ ညဘက်က ပြင်းအား အဆင့် ၆ ဒသမ ၈ ရှိတဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပါတယ်။

ဒါကြောင့် သေဆုံသူ ၂၉၀၁ ဦးအထိ ရှိခဲ့ပြီး ဒဏ်ရာရသူကလည်း ၅၅၃၀ ထက် မနည်းရှိခဲ့တာပါ။

ငလျင်က ယူနက်စကို စာရင်းဝင် Marrakesh မြို့ တောင်ဘက် မိုင် ၄၀ ကျော်မှာ ဗဟိုပြုလှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီမြို့ဝန်းကျင် ဒေသတွေမှာ သေဆုံးမှု အများဆုံး ဖြစ်ခဲ့သလို ၁၂ ရာစုက ဆောက်လုပ်ထားတဲ့ နာမည်ကျော် Koutoubia ဗလီလည်း ပျက်စီးခဲ့ရပါတယ်။

ပျက်စီးမှု ပမာဏက ကြီးမားတဲ့ အတွက် မော်ရိုကိုဘုရင်က ကယ်ဆယ်ရေးနဲ့ ရွေ့လျား ဆေးကုသရေးလုပ်ဆောင်ဖို့ပါ ညွှန်ကြားခဲ့ပါတယ်။

Ref: Aljazeera

………………………………..

အာဖဂနစ္စတန်မှာ မူးယစ်ကုန်သွယ်မှုအတွက် ကုလသတိပေး

အာဖဂန်နစ္စတန်ဟာ ကမ္ဘာပေါ်မှာ မူးယစ်ဆေးတွေကို အမြန်ဆုံးနှုန်းနဲ့ထုတ်လုပ်ပြီး ကုန်သွယ်နေတဲ့ နိုင်ငံဖြစ်လာနေတယ်လို့ ကုလသမဂ္ဂက စက်တင်ဘာ ၁၀ ရက်နေ့က သတိပေးလိုက်ပါတယ်။

သတိပေးချက်ကို ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံးရဲ့ အစီရင်ခံစာ UNODC မှာ ထုတ်ပြန်ထားတာပါ။

၂၀၂၁ ခုနှစ်က အာဏာရခဲ့တဲ့ တာလီဘန်တွေကတော့ ဘိန်းစိုက်ခင်းတွေကို နှိမ်နင်းသွားမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့နှစ် ဧပြီလက ကြေညာခဲ့ပါတယ်။

ကုလသမဂ္ဂအစီရင်ခံစာအရ အာဖဂန်နစ္စတန်မှာ စိတ်ကြွဆေးဖမ်းဆီးရမိတဲ့ နှုန်းမြင့်တက်လာသလို ထုတ်လုပ်မှု တိုးလာနေတယ်လို့ ဖော်ပြထားပါတယ်။

အနီးနားက နိုင်ငံတွေဖြစ်တဲ့ အီရန်နဲ့ ပါကစ္စတန်ကလည်း ၂၀၁၉ ကနေ ၂၀၂၂ ခုနှစ်တွေထဲ မူးယစ်ဆေးဖမ်းဆီးရမှု များပြားလာတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြင်သစ်နဲ့ ဩစတေးလျကလည်း သူတို့ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေက အာဖဂန်နစ္စတန်က လာတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Ref: REUTERS

………………………………..

ရုရှားသမ္မတနှင့် မြောက်ကိုးရီးယားခေါင်းဆောင် တွေ့ဆုံ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း နဲ့ ရုရှားနိုင်ငံ အရှေ့ပိုင်းမှာ စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

သူတို့နှစ်ဦးက ရုရှားနိုင်ငံအရှေ့ဖျားမှာရှိတဲ့ အာကာသယာဉ် လွှတ်တင်ရေးဌာနကို သွားရောက် ကြည့်ရှုခဲ့ကြပါတယ်။

ရုရှားက မြောက်ကိုးရီးယားကို အာကာသယာဉ် တည်ဆောက်ရေး လုပ်ငန်းတွေမှာ ကူညီပေးမယ်လို့လည်း သမ္မတ ပူတင်က ပြောကြားခဲ့ပါသေးတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကတော့ အနောက်အုပ်စုနဲ့ စစ်ပွဲမှာ ရုရှားကို အပြည့်အဝ ထောက်ခံပေးသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ ရုရှားအကြား လက်နက်တင်ပို့မှာကို အမေရိကန်နဲ့ တောင်ကိုရီးယားတို့ စိုးရိမ်နေတဲ့အချိန် နှစ်ဘက်ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

Ref: AP

………………………………..

ဘင်္ဂလားဒေ့ရှ် မြို့တော်တွင် ဈေးမီးလောင်သဖြင့် ဆိုင်ရာချီ ပျက်စီးဆုံးရှုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်က မိုဟာမက်ပါဈေးမှာ စက်တင်ဘာ ၁၄ ရက်နေ့က မီးလောင်ခဲ့ပါတယ်။

မီးလောင်လွယ်တဲ့ ဟင်းချက်ဆီနဲ့ ပလတ်စတစ် ပစ္စည်းတွေရှိနေလို့ မီးက အရှိန် တော်တော်များခဲ့တာပါ။

မီးလောင်မှုကြောင့် ဆိုင်ပေါင်းရာနဲ့ချီ ပျက်စီးခဲ့ပါတယ်။

လျှပ်စစ်ရှောခ့်ဖြစ်လို့ မီးစတင်လောင်ခဲ့တာလို့ အာဏာပိုင်တွေက ဆိုထားပါတယ်။

မီးလောင်တာက မနက်ခင်းအစောပိုင်းဖြစ်ပြီး ဆိုင်တွေမဖွင့်ခင် ဖြစ်နေလို့ လူအသေအပျောက်တော့ မရှိခဲ့ပါဘူး။

စစ်တပ်နဲ့ မီးသတ်တွေက ၆ နာရီကြာ ဝိုင်းဝန်းငြိမ်းသတ်လို့ နေ့ခင်းပိုင်းမှာပဲ မီးကို ထိန်းနိုင်ခဲ့ပါတယ်။

Ref: Aljazeera

………………………………..

လစ်ဗျားရေဘေး သေဆုံးသူ ၂၀၀၀၀ ခန့်ရှိနိုင်

အာဖရိကတိုက်မြောက်ပိုင်း လစ်ဗျားနိုင်ငံ ဒါနာမြို့မှာ စက်တင်ဘာလ ၁၁ ရက်နေ့က အင်အားပြင်းမုန်တိုင်းတိုက်ခတ်ပြီး ရေကာတာတွေကျိုးပေါက်လို့ ရေလွှမ်းမိုးခဲ့ပါတယ်။

ရေလွှမ်းမိုးမှုကြောင့် အနည်းဆုံး လူ ၁၁၀၀၀ ကျော်သေဆုံးခဲ့ပြီး ၂၀၀၀၀ လောက်ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြောကြားထားပါတယ်။

နောက် သေဆုံးသူဦးရေ ၂၀၀၀၀ လောက်ထိ တိုးလာနိုင်တယ်လို့လည်း ဒါနာမြို့တော်ဝန်က ပြောကြားလိုက်တာပါ။

ပျောက်ဆုံးနေသူတွေဟာ ပင်လယ်ထဲ မျောပါသွားတာ ဒါမှမဟုတ် အပျက်အစီးပုံတွေကြား အောက်မှာ ပိတ်မိနေတာ ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။

လစ်ဗျားအရှေ့ခြမ်းက ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၃၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ IOM က ထုတ်ပြန်ထားပါတယ်။

Ref: BBC

………………………………..

အမေရိကန်သမ္မတ၏ သားဖြစ်သူ ရာဇဝတ်မှု စွဲချက်တင်ခံရ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့သားဖြစ်သူ ဟန်တာဘိုင်ဒန်ဟာ သေနတ်ဝယ်ယူခဲ့တဲ့အပေါ် လှည့်ဖြားခဲ့မှုနဲ့ ပက်သက်လို့ စက်တင်ဘာလ ၁၄ ရက်နေ့က ရာဇဝတ်မှုနဲ့ စွဲချက်တင်ခံခဲ့ရပါတယ်။

ဒါဟာ အမေရိကန်သမိုင်းမှာ လက်ရှိသမ္မတတစ်ဦးရဲ့ သားသမီးထဲက ပထမဆုံး စွဲချက်တင်ခံရတာပါ။

၂၀၁၈ ခုနှစ် အောက်တိုဘာလတုန်းက သေနတ်တစ်လက်ကိုဝယ်ယူရာမှာ ဟန်တာဘိုင်ဒန်က သူ့ရဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ပတ်သက်ပြီး လိမ်လည်ခဲ့တယ်လို့ အစိုးရရှေ့နေတွေက စွပ်စွဲထားပါတယ်။

တရားမဝင် မူးယစ်ဆေးသုံးစွဲနေချိန်မှာ သေနတ်ပိုင်ဆိုင်ခွင့်မရှိတာကြောင့် ဒီအချက်ကို လိမ်လည်ခဲ့တာလို့ ဆိုထားပါတယ်။

Ref: CNA

………………………………..

ပီထာ ပါတီခေါင်းဆောင်အဖြစ်က နုတ်ထွက်

လွှတ်တော်အမတ်ကနေ ဆိုင်းငံ့ခံထားရတဲ့ ပီထာက Move Forward ပါတီခေါင်းဆောင်အဖြစ်ကနေ စက်တင်ဘာလ ၁၅ ရက်နေ့မှာ နုတ်ထွက်လိုက်ပြီဖြစ်ပါတယ်။

လွှတ်တော်ထဲ အတိုက်အခံ ပါတီခေါင်းဆောင်နေရာကို သတ်မှတ်ဖို့ ပါတီခေါင်းဆောင်အသစ်ကို လမ်းဖွင့်ပေးတဲ့အနေနဲ့ နုတ်ထွက်ခဲ့တာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ အတိုက်အခံပါတီခေါင်းဆောင်က လွှတ်တော်အမတ်ဖြစ်ရပါမယ်။

iTV ရှယ်ယာပိုင်ဆိုင်မှုတွေနဲ ပက်သက်လို စုံစမ်းစစ်ဆေးဖို့ အခြေခံဥပဒေခုံရုံးက ပီထာကို လွှတ်တော်အမတ်ကနေ ဆိုင်းငံ့ခဲ့လို့ နုတ်ထွက်ခဲ့ရတယ်လို့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာထားပါတယ်။

Ref: CNA

………………………………..

ဂြိုလ်သား ရုပ်ကြွင်းနှစ်ခုအတွက် မက္ကဆီကိုလွှတ်တော်မှာ ကြားနာမှုပြုလုပ်

ဂြိုဟ်သားလို့ သံသယရှိတဲ့ ရုပ်ကြွင်းနဲ့ပတ်သက်ပြီး မက္ကဆီကိုလွှတ်တော်မှာ စက်တင်ဘာ ၁၂ ရက်နေ့က ကြားနာမှု ပြုလုပ်ခဲ့ပါတယ်။

ကြုံတောင့်ကြုံခဲအရာလို့ ခေါင်းစဉ်တပ်ထားတဲ့ ရုပ်ကြွင်း ၂ ခုကို UFO အကြောင်း စိတ်အားထက်သန်တဲ့ မက္ကဆီကိုဂျာနယ်လစ် ဂျိမ်းမော်ဆန်က လွှတ်တော်မှာ ပြသခဲ့တာပါ။

ရုပ်ကြွင်း ၂ ခုကို ၂၀၁၇ ခုနှစ်မှာ ပီရူးနိုင်ငံ ရှေးဟောင်း နက်ဇ်ကာမျဉ်းကြောင်း (Nazca Lines) အနီးကနေ တူးဖော်တွေ့ရှိခဲ့ပါတယ်။

ကာဗွန်သက်တမ်းတွက်ချက်မှုအရ စစ်ဆေးရာမှာ နှစ် ၁၀၀၀ နီးပါး သက်တမ်းရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။

ရုပ်ကြွင်းနှစ်ခုဟာ ခန္ဓာကိုယ်တွေ သေးငယ်ပေမဲ့ ခေါင်းတွေက ရှည်ထွက်နေပြီး လက်တစ်ဖက်စီမှာ လက်ချောင်း ၃ ချောင်းစီပဲ ပါပါတယ်။

ဒီရုပ်ကြွင်းတွေဟာ ကမ္ဘာပေါ်က ဘယ်သက်ရှိနဲ့မှ မတူဘူးလို့ မော်ဆန်က ဆိုထားပါတယ်။

Ref: Aljazeera

………………………………..

အိန္ဒိယတွင် လှေတိမ်းမှောက်လို့ ကျောင်းသား ၁၀ ပျောက်ဆုံးနေ

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်မှာ ကျောင်းသားတစ်စု လိုက်ပါလာတဲ့ လှေတိမ်းမှောက်ခဲ့ပြီးနောက် ကျောင်းသား ၁ဝ ဦး ပျောက်ဆုံးနေပါတယ်။

လှေမှောက်မှုက စက်တင်ဘာလ ၁၅ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲအချိန်မှာ ဖြစ်ပွားခဲ့တာပါ။

နောက်ထပ် အယောက် ၂ဝ ကိုတော့ ကယ်ဆယ်ထားနိုင်တယ်လို့ အာဏာပိုင်တွေက ပြောကြားထားပါတယ်။

အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေကတော့ ပျောက်ဆုံးနေသူတွေကို ဆက်လက် ရှာဖွေနေဆဲပါ။

ဘာကြောင့် ကျောင်းသားတွေပါတဲ့လှေ ဘဂ်မာတီမြစ်ထဲ တိမ်းမှောက်ရသလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Ref: Times of India

………………………………..