လောင်းလုံး အင်းဇောက်ရွာတွင် နားရေးကူညီမှုအဖွဲ့ဝင် လူငယ်နှစ်ဦးဖမ်းဆီးခံရ

0
1277

လောင်းလုံးမြို့နယ် အင်းဇောက်ရွာတွင် စက်တင်ဘာလ ၁၄ ရက် ညနေပိုင်းက အသက် ၂၀ ကျော်အရွယ် လူငယ်အမျိုးသားနှစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ အင်းဇောက်ရွာ အရေးပေါ်လူနာတင်ယာဉ်နှင့် နာရေးကူညီမှုအဖွဲ့ဝင်များဖြစ်သည့် ကိုတောက်တောက်နှင့် ကိုငယ်ငယ် (ခေါ်) ကိုအောင်နိုင်ရှိန်ဆိုသူတို့ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

ညနေ ၅ နာရီခန့်တွင် အင်း‌ဇောက်ရွာလယ်ရှိ နေအိမ်အနီးတွင် ကိုတောက်တောက်ကို အမည်မသိလက်နက်ကိုင် လူတစ်စုက ဆိုင်ကယ် သုံးစီးဖြင့်လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ယင်းနောက် နာရီပိုင်းအကြာတွင် ကိုငယ်ငယ် (ခ) ကိုအောင်နိုင်ရှိန်ကို ပြည်လုံးချမ်းသာဘုရားလမ်းရှိ ၎င်း၏နေအိမ်တွင်လာ‌‌ ရောက်ဖမ်းခေါ်သွားကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“သူတို့နှစ်ယောက်က သူငယ်ချင်းတွေ။ တစ်ယောက်က မြေတင်ကားမောင်းတယ်၊ တစ်ယောက်ကတော့ ပန်းရံသမားပေါ့။ သူတို့နှစ်ယောက်လုံးက အရေးပေါ်ကားလည်း မောင်းပေးနေတဲ့သူတွေ ဖြစ်တယ်” ဟု ‌၎င်းက ပြောသည်။

အဆိုပါအမျိုးသားနှစ်ဦးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

စက်တင်ဘာလ ၁၅ ရက် ညနေပိုင်းအထိ အဖမ်းခံရသူနှစ်ဦးစလုံး ပြန်လည်း လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လဒုတိယပတ်ကလည်း အင်းဇောက်ရွာသား အသက် ၄ဝအရွယ် ဦးသိန်းစိုးနှင့် အသက် ၈၀ အရွယ် ဦးလှရွှေတို့ကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းခေါ်သွားပြီး တစ်လကြာသည်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ဩဂုတ်လမှ စတင်ဘာလအထိ လောင်းလုံးမြို့နယ်အတွင်း ဖမ်းဆီးခံရသူ ခုနှစ်ဦး အထိရှိသည်။

အင်းဇောက်ရွာသား ဦးသိန်းစိုးနှင့် ဦးလှရွှေ၊ ဝေဒီရွာသူ မဝါဝါ အပါအဝင် သဗျာရွာလမ်းပိုင်း တစ်နေရာတွင် ဖမ်းခံရသည့် အမျိုးသားနှစ်ဦးတို့၏ဖြစ်စဉ်များမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် Dawei Defense Team-DDT (တပ်ခွဲ-၃) (ထားဝယ် -ပကဖ) နှင့် Guerrilla Dawei -ထားဝယ်မြို့ပြပျောက်ကြားတပ်ဖွဲ့တို့နှင့် လုံးဝသက်ဆိုင်ခြင်း မရှိကြောင်း ထုတ်ပြန်ထားကြသည်။