ထားဝယ် ကျောက်ရပ်ရွာတွင် နေအိမ်တစ်လုံး မီးရှို့ခံရ

0
1281

ထားဝယ်မြို့နယ်၊ ကျောက်ရပ်ကျေးရွာတွင် ဩဂုတ်လ ၃၁ ရက် ညနေပိုင်းက နေအိမ်တစ်လုံး မီးရှို့ခံရကြောင်း ဒေသခံများက ပြောသည်။ 

မီးရှို့ခံရသည့် နေအိမ်မှာ ကိုဖိုးလုံး (ခေါ်) ကိုဇင်ဇင်၏ ဇင်ဇင် ရေခဲမုန့်ဆိုင်ဖွင့်ထားသည့် အိမ်ဖြစ်ကြောင်း၎င်းတို့က ဆိုသည်။

အရပ်ဝတ် လက်နက်ကိုင်လူတစ်စုက နေအိမ်ကို ဝင်ရောက်ရှာဖွေပြီးနောက် မီးရှို့သွားခြင်းဖြစ်ကြောင်းဒေသခံအချို့က ပြောဆိုသည်။ 

“၅နာရီ ဝန်းကျင်လောက်က ကျောက်ရပ်ရွာလယ်ဇရပ်ကနေ သေနတ်သံတွေ ဆက်တိုက်ကြားရတယ်။ထွက်ကြည့် လိုက်မှ ဇရပ်နားက ရေခဲမုန့်ဆိုင်လည်း မီးခိုးထွက်လာတယ်” ဟု ကျောက်ရပ်ရွာသားတစ်ဦးကပြောသည်။

ကိုဇင်ဇင်သည် ကျောက်ရပ်ကျေးရွာအုပ်စုရှိ ပျူစောထီးအဖွဲ့များအတွက် လစဉ်ကြေး (ဆက်ကြေး) လိုက်လံကောက်ခံပေးနေသူဖြစ်ကြောင်း ဒေသခံများက ပြောသည်။ 

အထက်ပါပြောဆိုချက်အပေါ် Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ 

နေအိမ်မီးရှို့ခံရပြီးနောက် ထားဝယ်မြို့က မီးသတ်ကား သုံးစီးဖြင့် လာရောက် မီးငြှိမ်းသတ်ခဲ့ပြီး ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားကိုလည်း ဖြတ်သန်းခွင့် တစ်နာရီနီးပါးပိတ်ခဲ့ကြောင်း ဒေသခံတို့၏ ပြောဆိုချက်အရ သိရသည်။ 

ဩဂုတ်လ ၃၁ ရက်ညအထိ ပျူစောထီးများ သေနတ်ဖောက်သံကို ကြားနေရသေးကြောင်းလည်း ဒေသခံများက ပြောသည်။

မီးရှို့ခံရသည့်နေအိမ်အရှေ့ဆိုင်ခန်းနေရာ အားလုံးနီးပါး မီးလောင်ကျွမ်းသွားပြီး မီးလောင်ကျွမ်းထားသောကား တစ်စီးလည်း အိမ်ရှေ့တွင် ရှိနေကြောင်း ကျောက်ရပ်ရွာသားများက စက်တင်ဘာလ ၁ရက်နေ့နံနက်ပိုင်း အခြေအနေကို ပြောဆိုသည်။  

ယင်းအပြင် စစ်ကောင်စီတပ်သားငါးဦးလည်း သေနတ်ကိုင်ဆောင်ပြီး နေရာယူထားသည်တွေ့ရကြောင်း၎င်းတို့က ဆက်လက်ပြောဆိုသည်။

ကျောက်ရပ်ကျေးရွာအုပ်စုသည် ထားဝယ်မြို့အထွက်တွင် တည်ရှိပြီး ဧပြီလက ပျူစောထီးအဖွဲ့ဝင်တစ်ဦးပစ်သတ် ခံရပြီးနောက် လတိုင်း တစ်အိမ်လျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ပျူစောထီးထောက်ပံ့ကြေး မဖြစ်မနေထည့်ဝင်နေရကြောင်း ဒေသခံတို့၏ ပြောဆိုချက်အရ သိရသည်။