ပဝတ်ကုန်းရွာတွင် ဥယျာဉ်ခြံသို့သွားသည့် အမျိုးသမီးတစ်ဦး မိုင်းစထိမှန်ဒဏ်ရာရ

0
1130

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာတွင် အမျိုးသမီးတစ်ဦး မိုင်းစထိမှန် ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ စက်တင်ဘာလ ၁ ရက် နံနက် ၉ နာရီဝန်းကျင်က ဥယျာဉ်ခြံထဲသို့ သွားစဉ်လမ်း၌ မိုင်းထောင်ထားသည့် ကြိုးနှင့်တိုက်မိကာ ပေါက်ကွဲသဖြင့် လက်တွင် မိုင်းစထိမှန်ဒဏ်ရာရကြောင်း ဒေသခံများက ဆိုသည်။

“ကြိုးတိုက်မိပြီး ပစ်လှဲချလိုက်လို့ လက်မောင်းမှာ ဒဏ်ရာတွေရခဲ့တယ်။ မစိုးရိမ်ရဘူးလို့ သိရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

ဒဏ်ရာရသူမှာ အသက် ၃၀ ကျော်အရွယ်ဖြစ်ပြီး ကလေးနှစ်ဦး၏ မိခင်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။  

ပဝတ်ကုန်းရွာတွင် ပျူစောထီးနှင့် စစ်ကောင်စီတပ်တို့၏ ယာယီစခန်းရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်များက မကြာခဏ လာရောက်တိုက်ခိုက်လေ့ရှိသည်။

ယခုပေါက်ကွဲသည့်မိုင်းမှာ မည်သည့်အဖွဲ့က ထောင်ထားသည်ကိုမူ အတည်မပြုနိုင်သေးပေ။

ဩဂုတ်လ ၂၈ ရက်ကလည်း မီးလောင်ချောင်းရွာအပြင်ဖက်တွင် အရပ်သားတစ်ဦး မိုင်းနင်းမိပြီး ခြေတောက်တွင် ဒဏ်ရာရရှိခဲ့သေးသည်။

ပုလောမြို့နယ်ရှိ ကျေးရွာအနီးအနားတွင် မိုင်းကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရမှု ခပ်စိပ်စိပ် ဖြစ်ပွားလာသည်။