အဓမ္မခိုင်းခံရသော မြန်မာလုပ်သား ၁၄ ဦး နစ်နာကြေး ဘတ် ၄ သိန်းရရှိ

0
1197
ဓာတ်ပုံ - HRDF

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် ကြံစိုက်ခင်းတွင် လုပ်အားခမရရှိဘဲ သေနတ်ဖြင့် ခြိမ်းခြောက် အဓမ္မစေခိုင်းခံနေရသော မြန်မာအလုပ်သမား ၁၄ ဦးသည် ဩဂုတ်လ ၃၁ ရက်နေ့တွင် နစ်နာကြေးငွေ ဘတ် ၄ သိန်း ရရှိခဲ့ကြောင်း လူ့အခွင့်အရေးနှင့် ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (HRDF) အဖွဲ့ထံမှ သိရသည်။

 ပထုံဌာနီခရိုင်ရှိ လူကုန်ကူးခံရသူများ ထိန်းသိမ်းရေးစခန်းတာဝန်ခံနှင့် မြန်မာအလုပ်သမား ၁၄ ဦးသည် ကန်ချနဘူရီခရိုင်ရှိ အမှတ် ၇ အလုပ်သမားတရားရုံးတွင် အလုပ်သမားများ အဓမ္မစေခိုင်းခံရမှုအတွက် နစ်နာကြေးရရှိရန် သွားရောက်ဖြေရှင်းခဲ့ကြသည်။

 ယခင်က အလုပ်သမားစီစစ်ရေးဌာန၏ အမိန့်ချမှတ်ထားသည့် နစ်နာကြေးငွေ ဘတ် ၅ သိန်းခွဲခန့်တွင် ၇၃ ရာခိုင်နှုန်းပေးချေရန် အလုပ်ရှင်နှင့် အလုပ်သမားများဘက်က သဘောတူညီမှုရရှိခဲ့သဖြင့် ဘတ် ၄ သိန်း နစ်နာကြေးရရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် အလုပ်သမား တစ်ဦးချင်းအလိုက် ခံစားခွင့်ရရှိမည့် ပမာဏကို တရားရုံးက ၎င်းတို့၏ ဘဏ်အကောင့်များသို့ နှစ်ရက်အတွင်း လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါမြန်မာအလုပ်သမား ၁၄ ဦးသည် ကြံခင်းထဲတွင် လူကုန်ကူးခံထားရသဖြင့် ပြီးခဲ့သော မတ်လ ၁ ရက်နေ့က HRDF အဖွဲ့နှင့် ထိုင်းအာဏာပိုင်များပူးပေါင်းကာ ကယ်တင်ထားခဲ့ခြင်းဖြစ်သည်။

မြန်မာအလုပ်သမားများသည် အလုပ်ချိန် ပိုမိုလုပ်ကိုင်ရသော်လည်း လစာနှစ်လစာအထိ လုပ်ခလစာ မရရှိခြင်း၊ နိုင်ငံကူးလက်မှတ်များ သိမ်းဆည်းခံထားရပြီး ထွက်ပြေးမည်ဆိုပါက သေနတ်ဖြင့် ပစ်သတ်မည်ဟု အလုပ်ရှင်က ခြိမ်းခြောက်ထားခြင်းများ ကြုံတွေ့ခဲ့ကြရသည်။

 အလုပ်သမားများ၏ ဖုန်းများလည်း အလုပ်ရှင်က သိမ်းဆည်းထားပြီး ကိုယ်ထိလက်ရောက် ညှင်းပန်းနှိပ်စက်မှုများလည်း ခံစားခဲ့ကြရကြောင်း သိရသည်။

ကြံခင်း၏ နေရာအတိအကျကို မသိရှိရသဖြင့် နေရာတစ်ခုကို ဓါတ်ပုံခိုးရိုက်ကာ မြန်မာအလုပ်သမားများက HRDF အဖွဲ့ကို အကူအညီတောင်းခံခဲ့ရကြောင်း သိရသည်။

ယင်းမှတစ်ဆင့် ထိုင်းအာဏာပိုင်များနှင့် ပူးပေါင်းကာ Google Map အသုံးပြု၍ အလုပ်သမားများနေရာကို လိုက်လံရှာဖွေ ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။