ထားဝယ်တွင် တစ်လတာအတွင်း ကြက်သွန်နီတစ်ပိဿာ ကျပ်တစ်ထောင်ကျော်ဈေးတက်

0
1822

ထားဝယ်တွင် တစ်လတာအတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်တစ်ထောင်ကျော် ဈေးတက်သွားကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ကြက်သွန်နီဈေးမှာ ဇူလိုင်လနောက်ဆုံးပတ်မှစ၍ ဈေးမြင့်တက်လာပြီး ဇူလိုင်လ ၂၈ ရက်နေ့က ထားဝယ်ဈေးကွက် တွင် ကြက်သွန်နီတစ်ပိဿာ ၂၇၀၀ ကျပ်ခန့် ဈေးရှိခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ယနေ့ ဩဂုတ်လ ၃၀ ရက်နေ့တွင် တစ်ပိဿာ ၄၀၀ဝကျပ်နီးပါးသို့ ရောက်ရှိလာကြောင်း ထားဝယ်မြို့၏ လက်လီဈေးကွက်ဖြစ်သည့် စည်ပင်သာယာဈေးကြီးတွင် ကုန်ခြောက်လက်လီရောင်းချသူတစ်ဦးက ပြောသည်။

“အခု တစ်ပတ်ဆယ်ရက်အတွင်းမှာကို ထိုးတက်လာတယ်” ဟု ၎င်းက ပြောဆိုသည်။

ထားဝယ်တွင် ကြက်သွန်နီအပါဝင် မီးဖိုချောင်သုံးပစ္စည်းအများစုမှာ ပြည်တွင်းဈေးကွက်ဖြစ်သည့် ရန်ကုန်၊ မော်လမြိုင်တို့မှတစ်ဆင့် မှာယူရောင်းချကြရသည်။

ရန်ကုန် မော်လာမြိုင်ဈေးကွက် အပေါ်မူတည်ပြီး ထားဝယ်မြို့၏ ကုန်ဈေးနှုန်းမှာလည်း လိုက်ပါပြောင်းလဲလေ့ရှိသည်။

“အဓိကကတော့ ပြည်ပဝယ်လိုအားကြောင့် ပြည်တွင်းဈေးတက်တာ” ဟု ထားဝယ်မြို့ရှိ စားသုံးကုန်လက်ကား ဖြန့်ချီသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ကြက်သွန်နီအပြင် ကြက်သွန်ဖြူဈေးနှုန်းများမှာလည်း မြင့်တက်လာသည်။

ဇူလိုင်လနောက်ဆုံးပတ်က ထားဝယ်မြို့၏ လက်ကားဈေးကွက်တွင် ကြက်သွန်ဖြူ ထူး (၅) တစ်ပိဿာ ၉၈၀၀ ကျပ် ဈေးရှိရာမှ ဩဂုတ်လ ၂၅ ရက်တွင် ၁၀၅၀ဝကျပ်အထိဖြစ်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ယနေ့ တစ်ပိဿာ ၁၂၀၀၀ ကျပ်အထိ အရောင်းဝယ်ဖြစ်နေကြောင်း စည်ပင်သာယာဈေးကြီးတွင် ရောင်းချနေသူများ ထံမှ သိရသည်။

ပြည်ပက ဝယ်လိုအားမြင့်တက်နေသဖြင့် ကြက်သွန်နီ ဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း ထားဝယ်ရှိ ကြက်သွန်လက်ကား ရောင်းချသူတို့က ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လက မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ ကြက်သွန်နီတန်ချိန် ၁၅၀၇ ဒသမ ၂၅ တန်တင်ပို့နိုင်ခဲ့ပြီး နိုင်ငံခြား ငွေဒေါ်လာ သုည ဒသမ ၅၄၅ သန်း ရရှိခဲ့ကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ယခုဩဂုတ်လတွင်မူ မူဆယ်နယ်စပ်မှ ကြက်သွန်နီတန်ချိန်၂၈၃၇ ဒသမ ၅ တန်တင်ပို့နိုင်ပြီး နိုင်ငံခြားငွေ ဒေါ်လာ ၁ဒသမ၄၁၆ သန်းအထိ ရရှိကြောင်းလည်း ဖော်ပြသည်။

ဩဂုတ်လတွင် တန်ချိန် ၁၃၀၀ ကျော်ပိုမိုတင်ပို့ခဲ့ခြင်းဖြစ်သည်။

မြန်မာကြက်သွန်ကို ထိုင်းနှင့် ဗီယက်နမ်နိုင်တို့ကလည်း ဝယ်ယူတင်သွင်းကြသည်။

အိန္ဒိယားနိုင်ငံတွင် ကြက်သွန်ဈေးတက်မှုကြောင့် ပြည်ပပို့ကုန်အပေါ် ဩဂုတ်လ ၁၉ ရက်မှစတင်၍ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ အခွန် ၄၀ ရာခိုင်နှုန်းတိုးကောက်ပြီးနောက် ပြည်ပနိုင်ငံများက မြန်မာကြက်သွန်ဖက် ဦးလှည့်လာသဖြင့် ပြည်တွင်းတွင် ဈေးတက်လာခြင်းဖြစ်ကြောင်း ပြည်းတွင်းသတင်းဌာများတွင် ဖော်ပြသည်။