ထိုင်းလုပ်သားခေါင်းဆောင်က မြန်မာလုပ်သား ၄ဝထံမှ ဘတ် ၁၁သိန်းကျော်လိမ်လည်ထွက်ပြေး

0
1619

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ထိုင်းအလုပ်သမားခေါင်းဆောင်က မြန်မာအလုပ်သမား ၄၀ဦးထံမှ ဘတ် ၁၁သိန်းကျော် လိမ်လည်ထွက်ပြေးသွားကြောင်း WAG အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။

စူကူဝစ်နယ်မြေ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားအမျိုးသား ၃၂ဦး၊ အမျိုးသမီး ရှစ်ဦးတို့ထံမှ လိမ်လည်သွားခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

မြန်မာအလုပ်သမားများသည် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန်၊ အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောက်ကတ်) လုပ်ရန်၊ အလုပ်ရှင်ပြောင်းလဲရန်တို့အတွက် ထိုင်းနိုင်ငံသား အလုပ်သမား ခေါင်းဆောင်ထံ ဘတ် ခြောက်သိန်းကျော် ပေးချေထားကြောင်း WAG တာဝန်ခံ ကိုမုန်တိုင်းက ပြောသည်။

ယင်းအပြင် အလုပ်သမားများ၏ တစ်လစာ လုပ်အားခငွေ ဘတ် ငါးသိန်းခွဲခန့်ကိုပါ ထိုင်းအလုပ်သမား ခေါင်းဆောင်က ယူပြီး ဩဂုတ်လ ၂၉ ရက်နေ့တွင် ထွက်ပြေးတိမ်းရှောင်သွားကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် မြန်မာအလုပ်သမားများသည် ထိုင်းအလုပ်သမား ခေါင်းဆောင်ကို အရေးယူနိုင်ရန်နှင့် ဖြေရှင်းပေးရန် WAG ထံသို့ အကူအညီတောင်းခံလာခဲ့ကြောင်း ကိုမုန်တိုင်းက ပြောဆိုသည်။

“လိမ်သွားတဲ့ဟာတွေကို သူဌေးက မသိဘူးပြောတယ်။ အခုလိမ်သွားတာက သူဌေးလက်အောက် (ဖိုးလမောင်း) ပေါ့။ သူဌေးက သိသိမသိသိ လုပ်အားခတွေကို အလုပ်သမားတွေကို တိုက်ရိုက်မပေးပဲ ဖိုးလမောင်းနဲ့ ပေးတဲ့အတွက် သူ့မှာလည်း တာဝန်အပြည့်ရှိတယ်” ဟု ၎င်းက ပြောသည်။

ထိုင်းအလုပ်သမားခေါင်းဆောင်သည် လုပ်အားခများကိုရှင်းပေးရန် အချိန်ရွှေ့ဆိုင်းနေခဲ့ပြီး နောက်ပိုင်းတွင် မြန်မာ အလုပ်သမားများနှင့် လုံးဝအဆက်အသွယ်ဖြတ်ကာ ထွက်ပြေးသွားကြောင်း အလုပ်သမား တစ်ဦးက ပြောဆိုသည်။

“ပိုက်ဆံ ၂၅ ရက်နေ့ရှင်းပေးမယ်။ စောင့်ဦးဆိုတော့ ကျွန်တော်တို့က စောင့်လိုက်တယ်။ နောက်နေ့ကျတော့ ဒီနေ့တစ်ရက်တော့နေဦးဆိုတော့ ကျွန်တော်တို့ နေတယ်။ နောက်နေ့ကျတော့ အစအနပါ မတွေ့တော့တာ” ဟု ၎င်းက ပြောသည်။

မြန်မာအလုပ်သမားသံအရာရှိရုံးကို အကူအညီတောင်းခံခဲ့ရာတွင်လည်း MoU (နှစ်နိုင်ငံအစိုးရသဘာတူညီချက်ဖြင့် တရားဝင်ပို့ဆောင်သည့်စနစ်) မြန်မာအလုပ်သမားများကိုသာ ကူညီပေးနိုင်မည်ဖြစ်ပြီး ယခုကိစ္စအတွက် အကူညီပေးနိုင်မည်မဟုတ်ဟု ဖြေကြားခဲ့ကြောင်း အထက်ပါအလုပ်သမားက ပြောဆိုသည်။

အဆိုပါကိစ္စနှင့် ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမားသံအရာရှိထံ ယနေ့ ဩဂုတ်လ ၃၀ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ မအားလပ်သေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

အလိမ်ခံရသော မြန်မာအလုပ်သမား ၄၀ ဦးတွင်လည်း အထောက်အထားပြည့်စုံသူ ၂၀ ခန့်သာရှိပြီး ကျန်မြန်မာများ တွင် အထောက်အထားမရှိသေးသဖြင့် အမှုဖွင့်တိုင်ကြားနိုင်ရေး အခက်အခဲများရှိနေကြောင်း WAG ထံမှ သိရသည်။

အထောက်အထားပြည့်စုံသောမြန်မာအလုပ်သမားများဖြင့် လာမည့်ရက်ပိုင်းအတွင်း အလုပ်သမား ကာကွယ် စောင့်ရှောက်ရေးရုံး (ဆဝါဒီကန်) တွင် သွားရောက်အမှုဖွင့်တိုင်ကြားသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ယခုလအတွင်း အလုပ်သမား အခွင့်အရေးချိုးဖောက်မှုများဖြစ်သော လုပ်အားခ မရရှိခြင်း၊ စာရွက်စာတမ်း သိမ်းဆည်း ခံထားရခြင်း၊ စာချုပ်သက်တမ်းမပြည့်မီ အလုပ်ထုတ်ခံရခြင်းများ ဆက်တိုက်ကြုံတွေ့နေခဲ့ရကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။