ကလေးကာကွယ်ဆေး မထိုးရရင် ဘာဖြစ်နိုင်လဲ

0
1881

အာဏာသိမ်းပြီးနောက် ကလေးများကိုပုံမှန်ထိုးပေးနေသည့် ကာကွယ်ဆေးထိုးလုပ်ငန်းများ ရပ်တန့်ကုန်သည်။

မွေးကင်းစအရွယ်မှ ကလေးအသက်တစ်နှစ်ခွဲအထိထိုးရမည့် ကာကွယ်ဆေး အမျိုးအစား အနည်းဆုံးရှစ်မျိုးခန့်ရှိသည်။

ယင်းကာကွယ်ဆေးများမှာ တစ်ကြိမ်တည်းထိုးရမည့်ဆေးရှိသလို အသက်အရွယ်အလိုက် သုံးကြိမ်ထိုးရမည့် ကာကွယ်ဆေးများလည်းပါဝင်သည်။

အာဏာမသိမ်းခင်ကမူ ကလေးကာကွယ်ဆေးထိုးသည့်လုပ်ငန်းကို ဖိဖိစီးစီးလုပ်နိုင်ခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ ကာကွယ်ဆေးထိုးလုပ်ငန်းစဉ်များ ရပ်တန့်သွားသည်။

အာဏာသိမ်းမှုကို လက်မခံသည့်အတွက် CDM လုပ်သွားသည့် ကျန်းမာရေးဝန်ထမ်း များပြားသည့်အတွက်လည်း ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ရပ်တန့်သလောက်ဖြစ်သွားသည်။

အထူးသဖြင့် စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် တနင်္သာရီနှင့် ပုလောမြို့နယ်များတွင် ကာကွယ်ဆေးထိုး လုပ်ငန်းများ မရှိတော့ချေ။

စစ်အုပ်ချုပ်ရေးမကြေညာသည့် ကျန်သည့်မြို့နယ်များတွင်လည်း ပုံမှန်ထိုးပေးနေသည့် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးကဲ့သို့သော ဆေးအချို့ ပြတ်လပ်နေကြောင်း ကျန်းမာရေးဌာနတာဝန်ရှိသူအချို့က ဝန်ခံပြောဆိုထားသည်။

ကလေးများအနေဖြင့် ကာကွယ်ဆေး သတ်မှတ်အကြိမ်အရေအတွက် ပြည့်အောင်မထိုးရခြင်းနှင့် ကာကွယ်ဆေးလုံးဝမထိုးရသည့် အခြေအနေနှင့် ဖြစ်လာနိုင်သည့် ဆိုးကျိုးများကိုသိရှိနိုင်ရန် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်သည်။

“ဆေးမရှိသေးဘူး……. နောက်လမှလာဆိုပြီး။ နောက်လတစ်ခါသွားတယ် မရသေးဘူးတဲ့”

လောင်းလုံးမြို့နယ်မှ မိခင်တစ်ဦး

DW ။ ကလေးအသက်ဘယ်လောက်ရှိပြီလဲ။ ကာကွယ်ဆေး အကြိမ်ဘယ်လောက်ထိုးပြီးပြီလဲ။

ဖြေ ။ သမီးက အခုဆို ၁၁ လထဲ ရောက်ပြီ။ ကာကွယ်ဆေးကတော့ ၄ ခါထိုးပြီးပြီ။

DW ။ ကာကွယ်ဆေးအပြည့်ထိုးရရဲ့လား။

ဖြေ ။ အပြည့်ဆို ကျန်တဲ့လတွေမှာတော့ ထိုးရတယ်။ ကိုးလတုန်းကတော့ တစ်မျိုးမထိုးရဘူး။ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး။ အဲဒီဆေးတစ်မျိုးပဲ မထိုးရသေးတာ။

DW ။ ဘာဖြစ်လို့ မထိုးရသေးတာလဲ။

ဖြေ ။ ဆေးမရှိသေးဘူးလို့ပြောတယ်။ ပထမတစ်ခေါက်တုန်းက ဆေးမရှိသေးဘူးပြောတယ်။ နောက်လမှလာဆိုပြီး။ နောက်လတစ်ခါသွားတယ်။ မရသေးဘူးတဲ့။ အခုတစ်ခါသွားတယ်။ မရှိသေးဘူး။ လတိုင်းတော့သွားကြည့်နေရမှာပေါ့။ ရတဲ့အခါနဲ့ ကြုံရင်ထိုးရအောင်။

DW ။ ‌ဒီလောင်းလုံးဆေးရုံမှာ အဲဒီဆေးမရတော့ဘူးဆိုရင် ဘယ်လိုလုပ်မှာလဲ။

ဖြေ ။ အဲဒီခါကျဘယ်လိုလုပ်ရမလဲ မသိသေးဘူး။ သူတို့ကတော့ ရမယ်ပြောတာပဲ။ သူများအခြေအနေကြည့်ရမှာပေါ့။ သူများတွေထိုးတဲ့နေရာလိုက်ထိုးရမှာပေါ့။

DW ။ သူများတွေမထိုးရင်ရော ကိုယ့်သားသမီးကို ရအောင်ထိုးပေးမယ်ဆိုပြီး မရမက လိုက်ရှာပြီးထိုးပေးမှာလား။

ဖြေ ။ အဲလိုမျိူးတော့ မပြောတတ်ဘူး။ သူများတွေထိုးရင်တော့ထိုးမယ်။ မထိုးရင်တော့ ကိုယ်လည်းမထိုးဘဲ နေတော့မယ်။ ကိုယ်မှမလုပ်တတ်တာ အဲလိုမျိူးတွေ။

DW ။ ရရင်ထိုးမယ်။ မရရင်တော့ လက်လျှော့လိုက်တော့မယ်ပေါ့။

ဖြေ ။ ဟုတ်တယ်။ တစ်လုံးတစ်လေ မထိုးရလည်း ဘာမှမဖြစ်ဘူးထင်တာပဲ။ ရှေ့လတွေတုန်းက အားလုံးထိုးပြီးပြီပဲကို။

DW ။ ကျေးဇူးတင်ပါတယ်။

“လကုန်ခါနီးတာနဲ့ ဆေးထိုးစာရွက်ကို ကြိုပြီးပေးလိုက်ရတယ်…… သူများထက်ဦးအောင်ထိုးရအောင်”

ရေလုပ်ငန်းလုပ်ကိုင်သူ တစ်ဦး

DW ။ ကလေးအသက်ဘယ်လောက်ရှိပြီလဲ။ ကာကွယ်ဆေး အကြိမ်ဘယ်လောက်ထိုးပြီးပြီလဲ။

ဖြေ ။ အစ်မသမီးက ၃ ခါ ဒီတစ်ခါနဲ့ဆို။ ၂ လသားတုန်းက မထိုးလိုက်ရဘူး။ သုံးလသားရောက်မှ ကာကွယ်ဆေး စထိုးရတာ။

DW ။ ကာကွယ်ဆေးက သူ့အသက်အရွယ်နဲ့သူထိုးရမယ်လို့ သတ်မှတ်ပေးထားတယ်မဟုတ်လား။

ဖြေ ။ အဲဒီအချိန်တုန်းက ကလေးကဖျားနေတာ။ ဖျားနေရင် ကာကွယ်ဆေးထိုးပေးလို့မရဘူးလေ။ အိမ်မှာကလည်းတစ်ယောက်တည်း ကူမယ့်သူကမရှိဘူး။ သူ့အဖေက လှေထွက်နေတာ။

( အာဏာသိမ်းပြီးနောက် ထားဝယ်ခရိုင်တွင် ကလေးများအား ပုံမှန်ကာကွယ်‌ဆေးထိုးနှံပေးခြင်းကို တစ်လတွင်တစ်ရက်သာ ထိုးနှံပေးတော့သည်။ ယင်းအတွက်ကြောင့် ကာကွယ်ဆေးထိုးနှံပေးသည့်နေ့တွင် အကြောင်းတစ်ခုခုကြောင့် စုရပ်သို့မလာဖြစ်ပါက သတ်မှတ်လထဲတွင်ကာကွယ်ဆေးမထိုးရတော့ဘဲ လကျော်သွားလေ့ရှိသည်)

DW ။ ကာကွယ်ဆေးထိုးရာမှာ ဘယ်အလိုအခက်အခဲတွေရှိလဲ။

ဖြေ ။ တစ်လမှာတစ်ခါပဲထိုးပေးတော့။ အဲဒီအခါကိုမီအောင် လိုက်လုပ်နေရတာပေါ့။ အရင်တုန်းကလို ကိုယ့်ရွာမှာကိုယ် အေးဆေးလုပ်နေမရတော့ဘူး။ သေသေချာချာ မှတ်နေရတယ်။ လကုန်ရက်၊ လကုန်ရက်ဆိုရင် ဆေးထိုးပေးတော့မယ်ဆိုပြီး တတွတ်တွတ်ရွတ်နေရတာ။ လကုန်ခါနီးတာနဲ့ ဆေးထိုးစာရွက်ကို ကြိုပြီးပေးလိုက်ရတယ်။ မနက်စောစော ဆေးရုံမှာသွားတင်ပေးထားရအောင်။ သူများထက်ဦးအောင်ထိုးရအောင်။ လုပ်ရတာ၊ လုပ်ရတာ။ ဆေးရုံမှာကလည်း နေစရာမရှိဘူး။ မိုးရွာရင်ပိုဆိုးသေး။ ဟိုကလေးကငို ဒီကလေးကငို။ ဒီကတစ်ယောက်ငိုသံကြားရင် တစ်ခြားကလေးတွေကထပ်ငို။ ဒီကြားထဲ ဆေးထိုးပေးတဲ့ဆရာမ မလာလို့ စောင့်ရတဲ့အခါဆို တစ်နေ့အချိန်ကုန်သွားတယ်။ ကလေးတွေကငိုတဲ့သူကငိုပေါ့ ဗိုက်ဆာကြတာကို။ ပူလဲပူတယ်လေ။ ဒုက္ခတွေကတော့ မျိူးစုံပါပဲ။ ပြောလို့ပြီးမှာမဟုတ်ဘူး။

DW ။ ကလေးတွေကို ကာကွယ်ဆေးထိုးပေးရတာ အာဏာမသိမ်းခင်ကလို မလွယ်ကူတော့ဘူး။ ခက်ခက်ခဲခဲနဲ့ လုပ်နေရတာပေါ့နော်။

ဖြေ ။ အဲဒါတော့ဟုတ်တယ်။ အရင်ကဆို( အာဏာမသိမ်းခင်က) ရွာကဆရာမ( ကျန်းမာရေးဝန်ထမ်း) က ဆေးထိုးနေ့ဆို လိုက်အော်ခေါ်တာ။ မနက်ဈေးသွားရင်း ဆေးထိုးပေးနေပြီလားဆိုပြီးကြည့်လာတယ်။ ဆေးထိုးနေပြီဆိုမှ အိမ်သွားကလေးခေါ်လာပြီးထိုးပေးတာ။ အေးအေးဆေးဆေးပဲ။ မထိုးရမှာလဲစိတ်ပူနေစရာမလိုဘူး။ မေ့နေရင်အိမ်အထိအောင်လာခေါ်တာ။ အဲတုန်းက ဆရာမတွေရဲ့စေတနာကို အခုမှသိရတယ်။ ဆရာမတွေက ဆေးလာမထိုးရင် ဆဲတာကိုး။ ကိုယ့်ဘာသာဆေးမထိုးတာ ဆဲစရာလားဆို ဒေါသထွက်သေးတယ်။

DW ။ ကလေးကာကွယ်ဆေးထိုးရတာ အရင်လို မလွယ်ကူတော့ တကူးတက ထိုးတဲ့သူတွေရှိပါ့မလား။ ဘယ်လိုတွေ့ရလဲရွာတွေမှာ။

ဖြေ ။ တကူးတက ထိုးတဲ့သူလည်းရှိတယ်။ မထိုးတော့တဲ့သူလည်းရှိတယ်။ ထိုးတဲ့သူကတော့ ပိုများတာပေါ့နော်။ မထိုးတဲ့သူကတော့ အလုပ်မအားလို့ သွားမထိုးတော့တာ။ သုံးဘီးငှားမရလို့ဆိုပြီးလည်း မသွားကြတော့ဘူး။

DW ။ အစ်မဆိုရင်ရော ဘယ်လိုလုပ်လဲ။

ဖြေ ။ အစ်မကတော့ ရအောင်ထိုးတယ်။ ပထမတစ်ခါပဲ။ အဲတုန်းကလည်း ယောင်္ကျားပြန်လာတော့ ရန်ဖြစ်ရသေးတယ်။ ကလေးကာကွယ်ဆေးမထိုးပေးလို့လေ။ လောင်းလုံးမှာမရရင် ထားဝယ်မှာသွားထိုးမလို့။ ထိုးလို့ရတယ်လို့တော့ ပြောတယ်။ စာရွက်တော့( ဆေးမှတ်တမ်းစာရွက်) ထားဝယ်ကိုပို့ထားတယ်။ သွားတင်ပေးဆိုပြီး။ ရရင်တော့ ဒီကနေ( ကိုယ်ပိုင်ကားနဲ့) တက်ပြီးသွားထိုးလိုက်ရုံပဲ။ မရဘူးဆိုလည်း မယ်ဒီလန်းဆေးရုံ( ပုဂ္ဂလိကဆေးရုံ) မှာမေးပြီးထိုးမယ်။ တော်ကြာ သူ့အဖေပြန်လာရင် ရန်ဖြစ်နေရအုံးမယ်။

DW ။ ဘာဖြစ်လို့လဲ။

ဖြေ ။ အပြင်ဆေးရုံမှာ ထိုးလို့ရရက်သားနဲ့ မထိုးပေးလိုက်ရပါလားဆိုတာမျိူးဖြစ်မှာစိုးလို့ပါ။ ‌ရောဂါဆိုတာက မဖြစ်ခင်ကြိုကာကွယ်ထားတာကကောင်းတယ်လေ။

DW ။ ကျေးဇူးတင်ပါတယ်။

“ဒါတွေက ကလေးတွေရဲ့အခွင့်အရေးဗျ။ မထိုးရရင် ကလေးတွေရဲ့ အခွင့်အရေးကိုထိပါးတာ”

ကျွမ်းကျင်ဆရာဝန်တစ်ဦး

DW ။ ကလေးတွေကို ထိုးပေးတဲ့ ကာကွယ်ဆေးအချို့ ပြတ်လပ်နေပြီး မထိုးရဘဲဖြစ်နေတာပေါ့နော်ခင်ဗျား။ ဆိုတော့ အဲဒီကာကွယ်ဆေးမထိုးရဘူးဆိုရင် ကလေးတွေအတွက် ဘာတွေဖြစ်လာနိုင်လဲဆရာ။

ဖြေ ။ ကာကွယ်ဆေးတွေကို ဒီရောဂါတွေကိုကာကွယ်ဖို့အတွက် ထိုးပေးတာပေါ့နော်။ ဒီကာကွယ်ဆေးတွေသာ ဒီကလေးတွေ မရခဲ့ဘူးဆိုရင် သူတို့က ဒီရောဂါတွေဖြစ်မှာ။ ဒီကလေးတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဒီကာကွယ်ဆေးတွေထိုးရတာတုန်းဆိုတဲ့ မေးခွန်းရှိတယ်ခင်ဗျား။ ဘာဖြစ်လို့လဲဆိုတော့ ဒီရောဂါတွေက ကြိုတင်ကာကွယ်လို့ရတယ်။ ကာကွယ်လို့ရတဲ့ကုန်ကျစရိတ်နဲ့ ဖြစ်မှကုရတဲ့ ခံစားရတာတွေ ရောဂါကြောင့် အသေအပျောက်နှုန်းတွေ ကုသတဲ့ကုန်ကျစရိတ်တွေက ကာကွယ်ဆေးထိုးတာထက် ပိုကုန်တယ်။ပြီးရင် တခြားသူတွေကိုပြန်ပြီး (ကူး)ပျံ့သွားနိုင်တယ်။

(ဥပမာ)အသည်းရောင်အသားဝါဘီထိုးပေးတယ်ပေါ့။မထိုးရရင် အသားရောင်အသားဝါဘီဖြစ်မယ်။ သူ့ရဲ့နောက်ဆက်တွဲတွေကြောင့် အသည်းရောင်မယ် အသည်းခြောက်မယ် အသည်းကင်ဆာဖြစ်မယ်။ အခုမဖြစ်ဘူး ကြီးလာရင်ဖြစ်မယ်။

ဒါတွေက ကလေးတွေရဲ့အခွင့်အရေးဗျ။မထိုးရရင် ကလေးတွေရဲ့ အခွင့်အရေးကိုထိပါးတာ။ သူတို့ရပိုင်ခွင့်ပေါ့ခင်ဗျား။ ဒါတွေကဘယ်သူ့ကြောင့်ပဲ မထိုးရသည်ဖြစ်စေ ကလေးအခွင့်အရေးထိခိုက်တာပေါ့။

ဆိုဆို့တို့ ကြက်ညှာတို့ဆိုရင် ဖြစ်ရင်သေဖို့များတယ်။ဆိုဆို့လား ကြက်ညှာလားသိဖို့ဟာပဲ ကျွန်တော်တို့က ကနဦးအဆင့်မှာ ပါးစပ်ထဲလှန်ကြည့်ပြီးတော့ တွေ့တဲ့လက္ခဏာတစ်ခုနဲ့ပဲခွဲနိုင်တယ်လေ။ ဒီကလေးသည် ကာကွယ်ဆေးအပြည့်ထိုးထားတယ်ဆိုရင် ဆိုဆို့ကြက်ညှာကို ကျွန်တော်တို့က ထည့်စဉ်းစားစရာ မလိုတော့ဘူး။ (မထိုးထားရင်)ကုသချက် ပိုရှုပ်ထွေးသွားတာပေါ့လေ။

ထိုးရင် ထိုးတဲ့ဆေးတွေသည် ကွာလတီ(အရည်အသွေး)ရှိရမယ်။ သတ်မှတ်အအေးပုံးမှာထားရမယ်။

DW ။ ကလေးကာကွယ်ဆေးတွေက ထိုးရမယ့်အသက်အရွယ်အလိုက် ပထမအကြိမ် ဒုတိယအကြိမ် တတိယအကြိမ် စသဖြင့် ထိုးရမယ့်ဟာတွေရှိတာပေါ့နော်။ ဆိုတော့လေ ပထမအကြိမ်မှာထိုးပြီးပြီ ဒါပေမဲ့ဒုတိယအကြိမ်က ဆေးပြတ်နေတာသော်လည်းကောင်း ဒေသတွင်းပဋိပက္ခအခြေအနေအရသော်လည်း မထိုးဖြစ်ဘူးဆိုရင် အဲဒီကလေးက ဘာဖြစ်နိုင်လဲပေါ့ဆရာခင်ဗျား။

ဖြေ ။ အဲဒါဆို ကာကွယ်ဆေးမအောင်ဘူးခင်ဗျား။ ဥပမာ သုံးကြိမ်ထိုးရမယ်။ တစ်ကြိမ်ပဲထိုးထားတယ်ဆိုရင် သူကအာနိသင်အပြည့်အဝမရှိဘူး။ သုံးကြိမ်ထိုးမှ ၉၀ရာခိုင်နှုန်းကာကွယ်နိုင်တယ်ဆိုရင် တစ်ကြိမ်တည်း ထိုးထားတာဖြစ်တဲ့အတွက် ၁၀ ရာခိုင်နှုန်းလောက် ကာကွယ်နိုင်တာလည်းဖြစ်ချင်ဖြစ်မယ်။၂၀ ရာခိုင်နှုန်းလောက် ကာကွယ်နိုင်တာလည်းဖြစ်ချင်ဖြစ်မယ်။ ကျွန်တော်တို့ပြောလို့မရဘူးပေါ့နော်။

ဒါပေမဲ့ တစ်ခုရှိတာက သူကတစ်ကြိမ်ပဲထိုးရသေးတယ်။ ဒုတိယအကြိမ်မထိုးရဘူး ထိုးရမယ့်အချိန်ကျော်သွားတယ် ။တစ်လကျော်သွားတယ် အဲဒီတစ်လကျော်သွားပြီးမှ ပြန်ထိုးလို့ရတဲ့အခြေအနေရောက်ရင် ထိုးကိုထိုးရမယ်။ပထမ Dose က ပြန်စရင် စရမယ်။မစရင် ဒုတိယDoseကို တစ်လကျော်ပြီးထိုးတယ်။ နောက်တတိယ Doseဆိုလည်း တစ်လတစ်လ နောက်ဆုတ်ရင်လည်း ဆုတ်သွားမှာပေါ့။ အဲဒါကတော့ ဘာဆေးလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ အစကပြန်ထိုးမှာ လား သို့မဟုတ်ရင် အချို့ဆေးတွေဆိုရင် နောက်ဆုတ်လို့ရတယ်။ ကာကွယ်ဆေးအမျိုးအစားအပေါ်မှာ မူတည်ပြီးတော့ အစကနေ ပြန်ထိုးရမယ့်ဟာလည်းရှိတယ်။ ဒုတိယ Dose ကိုပြန်ထိုးလို့ရတဲ့ဟာလည်းရှိတယ်။

DW ။ အခုဆိုရင် မြေပြင်မှာက ကလေးတွေကိုထိုးပေးနေတဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးဆိုရင် ပြတ်လပ်နေတာပေါ့နော်ခင်ဗျား။

ဖြေ ။ အဲလိုဖြစ်နေရင်တော့ ကိုယ့်ဟာကိုဝယ်ထိုး။မထိုးရင် အခြားရလာတဲ့အချိန်ထိုးပေါ့နော်ခင်ဗျား။ ဝယ်ထိုးဖို့ကလည်း ပြောလို့သာလွယ်တာနော်ခင်ဗျား။

DW ။ ကာကွယ်ဆေးနဲ့ပတ်သက်ပြီးတော့ ဆရာအနေနဲ့ အခြားရှင်းပြပေးချင်တာမျိုးရှိသေးလားခင်ဗျား။

ဖြေ ။ အဓိကကတော့ ကာကွယ်ဆေးရတယ်ဆိုရင်ပေါ့နော် ရတဲ့အချိန်ထိုးပေါ့လေ။ အသက်ကျော်သွားလည်း အရေးမကြီးဘူးပေါ့လေ။ အသည်းရောင်အသားဝါဘီပဲ မြင်သာအောင်ပြောမယ်ပေါ့နော်။အသက်ကြီးမှ ထိုးလို့လည်း ရတယ်။ဒါပေမဲ့ထိုးဖို့တော့လိုတယ်။ ကာကွယ်ဆေးမထိုးရသေးရင် မထိုးရသေးကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြီးတော့ အချို့ဆေးတွေဆိုရင် ကြီးမှပြန်ထိုးလို့ရမယ့်ဟာတွေရှိတယ်ပေါ့နော်။ အကြောင်းအမျိုးမျိုး ကြောင့် ကာကွယ်ဆေးမထိုးဖြစ်လိုက်ဘူးဆိုရင် အခြေအနေပေးရင် သက်ဆိုင်ရာကျန်းမာရေးဌာနတွေနဲ့ ပြန်တိုင်ပင်ပြီးတော့ ပြန်ထိုးသင့်တယ်ပေါ့နော်ခင်ဗျား။

DW ။ အခုလို ဖြေပေးတာ ကျေးဇူးတင်ပါတယ် ဆရာခင်ဗျား။