ဘန်လောရွာ ဒေသခံနှစ်ဦး လက်နက်ကြီးထိမှန်

0
1462

စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်လောရွာမှ အမျိုးသားတစ်ဦးနှင့် ၅ မိုင်ရွာမှ အမျိုးသမီးတစ်ဦးတို့ လက်နက်ကြီးအစ ထိမှန်သွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

တနင်္သာရီမြို့နှင့် ညောင်ပင်ကွင်းရွာရှိ စစ်ကောင်စီတပ်က မနေ့ညက လက်နက်ကြီးဖြင့် ယင်းကျေးရွာများဘက်သို့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“အမျိုးသားမှာက နောက်ကျောဘက်ထိပြီး ဒဏ်ရာပြင်းထန်တယ်ပြောတယ်။ အမျိုးသမီးမှာက ခြေမျက်စိအထက်နား ရှပ်ထိသွားတာပါ”ဟု ဒေသခံအမျိုးသား ကပြောသည်။

စစ်ကောင်စီတပ်က ည ၇ နာရီခွဲမှ ည ၉ နာရီခွဲအထိ ဘန်လောရွာနှင့် ၅ မိုင်ရွာဘက်သို့ လက်နက်ကြီးအချက်ရေ အတော်များများ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယနေ့နံနက်တွင်လည်း ထပ်မံပစ်ခတ်နေသေးကြောင်း ဒေသခံများ ပြောသည်။

“ဒီမနက် ၉ နာရီကျော်လောက်ကစပြီး စပစ်နေပြန်ပြီ။ ဗောဓိကမ်းဘက်က ပစ်နေတာ။ လက်ရှိငါးလုံးလောက်ရှိနေပြီ”ဟု ဒေသခံနောက်တစ်ဦး ကပြောသည်။

လက်နက်ကြီးပစ်ခတ်နေခြင်းကြောင်း ဘန်လောရွာနှင့် ၅ မိုင်ရွာနေ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

သြဂုတ်လ ၁ ရက်နေ့က တနင်္သာရီမြို့ရှိ စရဖရုံး၊ ဗောဓိကမ်းတံတား အပါအဝင် ညောင်ပင်ကွင်းကျေးရွာအခြေစိုက် ၅၆၁ တပ်တို့ တစ်ရက်တည်း တိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်များ ရှိသည်ဟု ယူဆသည့် ယင်းကျေးရွာများဘက်သို့ ပစ်ခတ်နေခြင်းဖြစ်သည်။

ဇူလိုင်လ ၂၆ ရက်နေ့ကလည်း ဘန်လောရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အမျိုးသမီးကြီး နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သေးသည်။