ပရီးမီးယားလိဂ်သမိုင်းတွင် စံချိန်တင် စပွန်ဆာကြေးရရှိသည့် ဝတ်စုံစာချုပ်ကို မန်ယူချုပ်ဆို

0
2181
Photo – Manchester Evening News

အက်ဒီးဒတ်စ် အားကစားအသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရေးလုပ်ငန်းစုသည် မန်ယူအသင်းကို ပရီးမီးယားလိဂ်သမိုင်းတွင် စံချိန်တင်စပွန်ဆာကြေးပေးအပ်ကာ ဝတ်စုံစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရှိရသည်။

အက်ဒီးဒတ်စ်သည် မန်ယူကို ၁၀ နှစ်သက်တမ်းရှိ ဝတ်စုံစပွန်ဆာစာချုပ်သစ်ကို လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်ပြီး ယင်းစာချုပ်ကတစ်ဆင့် မန်ယူမှာ စပွန်ဆာကြေးပမာဏ ပေါင်သန်း ၉၀၀ အထိ ရရှိသွားတော့မည်ဖြစ်သည်။

အက်ဒီးဒတ်စ်နှင့် မန်ယူတို့သည် ၂၀၁၅-၁၆ ဘောလုံးရာသီကစတင်ကာ လက်တွဲခဲ့ခြင်းဖြစ်ပြီး ပုံရိပ်ကြီးမားသော မန်ယူနှင့် ဆက်လက် အလုပ်လုပ်ခွင့်ရရှိသည့်အတွက် အားရကျေနပ်မိပါကြောင်း အက်ဒီးဒတ်စ်က သတင်းထုတ်ပြန်ထားသည်။

ယခုချုပ်ဆိုလိုက်သော စာချုပ်သစ်အရ အက်ဒီးဒတ်စ်သည် မန်ယူ၏ဝတ်စုံစပွန်ဆာမိတ်ဖက်အဖြစ် ၂၀၃၅ ခုနှစ်ထိတိုင် ရပ်တည်သွားနိုင်တော့မည်ဖြစ်ပြီး မန်ယူမှာ ဆုဖလားရရှိမှု၌ အားရကျေနပ်စရာ မရှိတော့သော်လည်း ကွင်းပြင်ပ ဈေးကွက်တွင်မူ ပုံရိပ်ကြီးမားစွာ ထင်ကျန်နေဆဲဖြစ်ကြောင်း ယခုစပွန်ဆာစာချုပ်က သက်သေခံလျက်ရှိသည်။

မန်ယူသည် အက်ဒီးဒတ်စ်နှင့် ချုပ်ဆိုခဲ့သော စာချုပ်ဟောင်း၌ တစ်နှစ်အတွက် ဝတ်စုံစပွန်ဆာကြေး ပေါင် ၇၅ သန်းသာ ရရှိခဲ့ပြီး ယခုချုပ်ဆိုလိုက်သော စာချုပ်သစ်အရမူ အက်ဒီးဒတ်စ်ထံမှနေ၍ မန်ယူရရှိမည့် တစ်နှစ်အတွက် ဝတ်စုံစပွန်ဆာကြေးပမာဏမှာ ပေါင်သန်း ၉၀ ဖြစ်သွားတော့မည်ဖြစ်သည်။