ထိုင်းနိုင်ငံတွင် မီးရှူးမီးပန်းဂိုဒေါင် ပေါက်ကွဲမှုကြောင့် လူကိုးဦးသေဆုံး

0
1496

ထိုင်းနိုင်ငံ ၊ နာရာသီဝပ် ပြည်နယ်တွင် ဇူလိုင်လ ၂၉ရက်နေ့က မီးရှုးမီးပန်းများ သိုလှောင်ထားရာ ဂိုဒေါင်တစ်ခု ပေါက်ကွဲမှုကြောင့် လူ ကိုးဦး သေဆုံးကာ အယောက် ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြကြောင်း ဒေသဆိုင်ရာ အကြီးတန်းအရာရှိတစ်ဦးက ထုတ်ပြန်ပြောကြားခဲ့သည်။

အဆိုပါ ပြည်နယ်၏ တောင်ပိုင်း ၊ ဆွန်ဂိုင်ကိုလော့ မြို့တွင် ဖြစ်ပွားခဲ့သည့် ယင်းပေါက်ကွဲမှုသည် ဂိုဒေါင်တွင်း ဆောက်လုပ်ရေးလိုအပ်ချက်ကြောင့် ဂဟေဆော်ရာမှ  ဖြစ်ပွားနိုင်ချေ ရှိသည် ဟု ယူဆရသည်။

နောက်ဆုံးရ အချက်အလက်များအရ ၎င်းပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် လူ ကိုးဦး သေဆုံးခဲ့ကာ ထိခိုက်သူ ဦးရေ ၁၁၅ ဦး အထိ ရှိကြောင်း နာရာသီဝပ် ပြည်နယ် အုပ်ချုပ်ရေးမှုး ဆနန် ပုန်ဂတ်ဆွန် က ထုတ်ပြန်ခဲ့သည်။

“ပဏာမစုံစမ်းစစ်ဆေးမှုအရ အဲ့ဒီ အဆောက်အအုံက ဆောက်လုပ်ဆဲဖြစ်ပြီး သံမဏိဂဟေဆော်ရာမှာ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် အခုလိုဖြစ်ရခြင်းဖြစ်ပါတယ်” ဟု ဆိုသည်။

ဒေသတွင်း မီဒီယာများ၏ မှတ်တမ်းများအရ ပေါက်ကွဲမှု ဖြစ်ပွားစဉ် လေထုထဲသို့ ကြီးမားသော မီးခိုးလုံးများ ထွက်ပေါ်လာပြီး အဆိုပါ ပေါက်ကွဲမှု၏ ပြင်းအားကြောင့် ဆိုင်များ၊ အိမ်များနှင့် ယာဉ်များ ဆိုးဆိုးရွားရွား ပျက်စီးသွားကြောင်း ပြသခဲ့ရာ အချို့မှာ မီးလောင်ခဲ့ပြီး အချို့မှာ ခေါင်မိုးများ လွင့်စင်သွားခဲ့သည်။

မလေးရှားနှင့် နယ်စပ်မြို့ဖြစ်သည့် အဆိုပါ မြို့နယ်တွင်း  ပေါက်ကွဲမှုကြောင့် အိမ်ခြေ ၅၀၀ ခန့် ပျက်စီးခဲ့ကြောင်း ထိုင်း PBS သတင်းဌာနက ဖော်ပြသည်။

“အိမ်ထဲမှာ ဖုန်းသုံးနေတာ၊ ရုတ်တရက် ကျယ်လောင်တဲ့ မိုးခြိမ်းသံလိုမျိုး အသံတစ်ခုကြားရပြီး တစ်အိမ်လုံး တုန်လှုပ်သွားတယ်” ဟု ပေါက်ကွဲမှု ဖြစ်ပွားရာ ဂိုဒေါင်နှင့် မီတာ ၁၀၀ အကွာတွင် နေထိုင်သည့် မျက်မြင်သက်သေ တစ်ဦး က ပြောသည်။

“နောက်တော့ အိမ်ရဲ့ ခေါင်မိုးက ပွင့်ထွက်သွားတာ တွေ့လိုက်ရတယ်။ အပြင်ကို လှမ်းကြည့်လိုက်တော့ အိမ်ပြိုကျတာအပြင် မြေပြင်ပေါ်မှာ လူတွေ လဲကျနေတာကို တွေ့လိုက်ရတယ်။ ပရမ်းပတာတွေ ဖြစ်နေသလိုပါပဲ”

အဆိုပါ မျက်မြင်သက်သေ မှ ရိုက်ကူးထားသည့် ဗီဒီယိုတွင် ၎င်းပေါက်ကွဲမှုကြောင့် အနီးအနားရှိ ဈေးတစ်ခုမှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေသည့် မြင်ကွင်းကို မြင်တွေ့ခဲ့ရပြီး လှည့်ပတ်နေရင်း ပေါက်ကွဲမှုကို ကြည့်ကာ ထိတ်လန့်မှင်သက်သွားကြသော နယ်ခံများ အပြင် အရေးပေါ် ဝန်ဆောင်မှုများ အပြေးအလွှား လာရောက်ကူညီပေးကြသည့် မြင်ကွင်းများလည်း ပါဝင်ခဲ့သည်။ ထို့အပြင် မှန်ကွဲ၊ ခေါင်မိုးကပ် ကြွေပြားများနှင့် အခြားသောအပျက်အစီးများလည်း မြေပြင်ပေါ်သို့ လွင့်ကြဲနေကြသည်။

ထိုင်းနိုင်ငံသည် ဆောက်လုပ်ရေးကဏ္ဍတွင် စိတ်ချလုံခြုံမှု အနေအထား အားနည်းပြီး လူအသေအပျောက်များသော မတော်တဆမှုများမှာ မကြာခဏ အဖြစ်များသည်။

လွန်ခဲ့သည့် သီတင်းပတ်နှစ်ပတ်ခန့်ကလည်း ဘန်ကောက်မြို့တွင် တည်ဆောက်ဆဲ လမ်းတံတားတစ်ခု ပြိုကျမှုကြောင့် လူနှစ်ဦး သေဆုံးခဲ့သည်။

Reference

●       AFP

●       The Straits Times