ထားဝယ်စိုက်သိပ္ပံကျောင်းအုပ်ကြီးအပါအဝင်ခုနှစ်ဦးလွတ်မြောက်နယ်မြေသို့ ပို့ဆောင်ဟု LLPDFထုတ်ပြန်

0
5296

ထားဝယ်မြို့စိုက်ပျိုးရေးသိပ္ပံကျောင်းကျောင်းအုပ်ကြီးအပါအဝင်ခုနစ်ဦးသည်လွတ်မြောက်နယ်မြေသို့ရောက်ရှိသွားပြီဖြစ်ကြောင်းလောင်းလုံးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) ကယနေ့ထုတ်ပြန်သည်။

ထိန်းသိမ်းခေါ်ဆောင်သွားပြီး တစ်ပတ်အကြာ ဇူလိုင် ၂၇ ရက်နေ့ ညနေပိုင်းတွင် ထိုသို့ သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထားဝယ်-မောင်းမကန်သွားလမ်း လောင်းလုံးမြို့နယ်အတွင်း တောရှည်ရွာရှိစိုက်ပျိုးရေးသိပ္ပံ(ထားဝယ်) ကိုဆက်လက်ဖွင့်လှစ်ထားသဖြင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဇူလိုင်လ၂၀ရက်ကသွားရောက်ခဲ့ကြောင်းဖော်ပြသည်။

ယင်းနောက်ကျောင်းအုပ်‌ဆရာမကြီးဒေါ်မြင့်မြင့်ခင်နှင့်သားဖြစ်သူကျောင်းသားမောင်အောင်ဟိန်းခန့်၊ဒုတိယကျောင်းအုပ်ကြီးဦးခင်မောင်ထွေး၊လက်ထောက်ကထိကဒေါ်သန္တာအေး၊လက်ထောက်ကထိကဦးနိုင်ဝင်း၊ကွင်းဆင်းလက်ထောက်‌ဦးနေဆန်းနှင့်နော်ဖြူဖြူသန့်တို့ကိုခေါ်ယူထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

LLPDF ၏ထုတ်ပြန်ချက်တွင်မူ၎င်းတို့နှင့်ပူးပေါင်းလိုက်ပါလာခြင်းဖြစ်ကြောင်းဖော်ပြသည်။

ထိုအချိန်တွင် စစ်ကောင်စီကသာလွန်အင်အားဖြင့်စစ်ကြောင်းထိုးလာ၍နေရပ်ပြန်မည့်ဆရာ၊ဆရာမများအားပို့ဆောင်ရေးခရီးနောက်ကျခဲ့ကြောင်းလည်းထုတ်ပြန်ချက်တွင်ရေးသားထားသည်။

စစ်ကောင်စီတပ်သည် စိုက်ပျိုးရေး သိပ္ပံတည်ရှိရာ လောင်းလုံးမြို့နယ် မြောက်ပိုင်းရှိ ရွာများသို့ ဇူလိုင်လ ၂၂ ရက်နေ့တွင် စစ်ကြောင်း ထိုးလာသဖြင့် ဒေသခံထောင်ချီ ထွက်ပြေးခဲ့ရသည်။ တိုက်ပွဲဖြစ်ပွားမှုကြောင့် PDF တပ်ဖွဲ့ဝင် သုံးဦး ကျဆုံးခဲ့သည်။

ထိုသို့သော စစ်ပူနေသည့် အချိန်တွင် လုံခြုံစွာပို့ဆောင်ရေးတို့ကိုချင့်ချိန်စွာလုပ်ဆောင်နေရသည့်အတွက်နောက်ကျမှသတင်းထုတ်ပြန်ရခြင်းဖြစ်ကြောင်းလည်းLLPDF က ဆိုထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကျောင်းသို့ဝင်ရောက်လာချိန်ကျောင်းသားအချို့လည်းရိုက်နှက်ခံခဲ့ရသေးသည်။

ကျောင်းဝင်းအတွင်းသို့ဝင်ရောက်ချိန်တွင်ကျောင်းသား၊ကျောင်းသူ၆၀ဦးတို့ထွက်ပြေးကြသဖြင့်ထွက်မပြေးကြရန်လိုက်လံတားမြစ်ကာတုတ်ဖြင့်နှစ်ချက်စီရိုက်နှက်အပြစ်ပေးခဲ့ကြောင်းထုတ်ပြန်ချက်တွင်ရှင်းလင်းထားသည်။

စိုက်ပျိုးရေးသိပ္ပံကျောင်းကဖမ်းဆီးခံရသူများနှင့်တစ်ပတ်ကြာသည်အထိအဆက်အသွယ်မရသည့်အတွက်စိုးရိမ်မိကြောင်းလုပ်ဖော်ကိုင်ဖက်အချို့ကယနေ့နံနက်ကDawei Watch သို့ပြောဆိုထားသည်။

“အဆက်အသွယ်မရသေးဘူး။အမြန်ဆုံးပြန်လွတ်ပေးစေချင်တယ်” ဟုစိုက်ပျိုးရေးသိပ္ပံကျောင်းမှပညာရေးဝန်ထမ်းတစ်ဦးကပြောသည်။

ယင်းအပြင် စစ်ကောင်စီထောက်ခံအားပေးသည့်အရပ်ဖက်အဖွဲ့အစည်း၁၇ဖွဲ့ကလည်းယင်းလုပ်ရပ်ကိုပြင်းထန်စွာကန့်ကွက်ရှုံချကြောင်းဇူလိုင်၂၆ရက်တွင်ထုတ်ပြန်ချက်အသီးသီး ထုတ်ပြန်ထားကြသည်။