ကျပ်နှစ်သောင်းတန်ဂယက်ကြောင့် မြိတ်တွင် ဆန်အပါအဝင် အခြေခံစားကုန်များ ဈေးတက်

0
1601

မြိတ်မြို့ရှိ ကုန်စည်ဈေးကွက်တွင် ဆန်အပါအဝင် အခြေခံစားသောက်ကုန်များ ဈေးမြင့်တက်သွားကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ်များအား ဇူလိုင်လ ၃၁ ရက်နေ့တွင် ထုတ်ဝေမည်ဟု ဇူလိုင်လ ၂၃ ရက်နေ့တွင် ကြေညာပြီးနောက် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်း ဖြစ်ကြောင်း ကုန်စုံအရောင်းဆိုင်အချို့က ပြောသည်။

“ဈေးမတက်တာ မရှိဘူး။ အားလုံးလိုလို ဈေးတက်သွားတာ။ စားအုန်းဆီဆိုရင် လိုသလောက်ဝယ်လို့ မရတော့ဘူး” ဟု ဆိပ်ငယ်ဈေးရှိ ကုန်စုံအရောင်းဆိုင်ရှင်တစ်ဦးက ပြောဆိုသည်။

အခြေခံစားသောက်ကုန်တို့အနက် ဆန်ကြမ်းတစ်အိတ်လျှင် တစ်‌ထောင်ကျပ်နှုန်း၊ ရွှေဘိုပေါ်ဆန်းမွှေး၊ ပေါ်ဆန်း‌မွှေးရိုးရိုးတို့သည့် အမျိုးအစားအပေါ်မူတည်ပြီး တစ်အိတ်လျှင် နှစ်‌‌ထောင်ကျပ်မှ လေး‌ထောင်ကျပ်အထိ ဈေးတက် သွားကြောင်း ၎င်းက ဆိုသည်။

ဆန်ကြမ်းတစ်အိတ်လျှင် ၈၀၀၀၀ ကျပ်မှ ၈၁၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ်လျှင် ၁၁၇၀၀၀ ကျပ်မှ ၁၂၁၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးရိုးရိုးတစ်အိတ်လျှင် ၉၇၅၀၀ ကျပ်မှ တစ်သိန်းကျပ်အထိ ဈေးတက်သွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ထို့အပြင် ၁၀ ပိဿာပါ စားအုန်းဆီပုံးဝါတစ်ပုံးလျှင် ၆၈၀၀၀ ကျပ်ဈေးရှိမှ ၇၅၀၀၀ ကျပ်နှင့် တစ်လီတာဆံ့ စားအုန်းဆီ တစ်ဗူးလျှင် ကျပ်နှစ်ရာမှ တစ်ထောင်ကျော်အထိ ဈေးမြင့်တက်လာကြောင်း ကုန်စုံအရောင်းဆိုင်အချို့မှ သိရသည်။

“အချို့ကုန်ပစ္စည်းတွေက (ရန်ကုန်ကနေ) ထပ်မှာလို့ မရတော့ဘူး။ အဝင်တောင် မရှိတော့ဘူး။ ရရင်လည်း အရင်ဈေးအတိုင်း မရလို့ ဈေးနည်းနည်းတင်တင်ပြီး ရောင်းနေကြတာ” ဟု မြို့သစ်ဈေးရှိ ကုန်စုံဆိုင်ရှင်တစ်ဦးက ပြောသည်။

ငရုတ်သီးခြောက် (ငရုတ်ပု) တစ်ပိဿာလျှင်လည်း ၁၇၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်၊ ငရုတ်သီးခြောက် (ရွှေအပ်) တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်မှ ၁၆၅၀၀ ကျပ်အထိ ဈေးတက်လာကြောင်း ယင်းကုန်စည်ဈေးကွက်မှ သိရသည်။

“ကုန်ဈေးနှုန်း တစ်ခါတက်တိုင်း တစ်ခါဈေးတင်ရောင်းတာပဲ။ နောက်ထပ် ထပ်ဝယ်မယ့် ဆန်၊ ဆီဈေးတွေက ထပ်တက်နေပြန်ပြီဆိုတော့ ရောင်းသာ ရောင်းနေရတယ် အမြတ်က သိပ်မကျန်တော့ဘူး” ဟု ရှမ်းချောင်းရပ်ရှိ ထမင်းဟင်းအရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ကုန်စည်ဈေးနှုန်းများ မြင့်တက်လာသဖြင့် ကြက်ဥဟင်းနဲ့ ထမင်းတစ်ပွဲအား ကျပ်တစ်ထောင် ရောင်းချနေရာမှ တစ်ထောင်ငါးရာအထိ ဈေးတင်ရောင်းချနေရကြောင်း ၎င်းက ဆိုသည်။

နှစ်သောင်းတန် ထွက်မည်ဟု ကြေညာသည့် ဇူလိုင်လ ၂၃ ရက်နှင့် ၂၄ ရက်နေ့တို့တွင် ကုန်စည်အချို့ ပြေးဝယ်ယူမှု များရှိခဲ့ပြီး လက်ရှိတွင် ပြန်လည်ငြိမ်သက်နေကြောင်း မြိတ်ကုန်စည်ဈေးကွက်အတွင်းမှ သိရသည်။