ထားဝယ်မြို့နှင့် သုံးမိုင်ခန့်အကွာရှိ ခမောင်းတောင်ရွာအနီး ပစ်ခတ်မှုများဆက်ဖြစ်

0
2856

ထားဝယ်မြို့နှင့် သုံးမိုင်ခန့်အကွာတွင်တည်ရှိသော ခမောင်းတောင်ရွာအနီးတဝိုက်တွင် ယနေ့ ဇူလိုင်လ ၂၂ ရက် နံနက် ၆ နာရီ ၂၃ မိနစ်ခန့်မှစတင်ကာ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုများဆက်ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

လက်နက်ကြီး ပေါက်ကွဲသံ ၁၀ ချက်ခန့်ကြားရပြီး လက်နက်ငယ် ပစ်ခတ်သံများကို ၉ နာရီကျော်အထိ ကြားနေရကြောင်း ၎င်းတို့က ပြောသည်။

“ပစ်နေကြပြီ။ အခုပဲ ထပ်ပစ်နေကြပြီ။ ပြေးရတော့မယ်” ဟု ဒေသခံတစ်ဦးက ယနေ့ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်က ပြောဆိုသည်။

လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုကို ခမောင်းတောင်ရွာနှင့် ဆက်စပ်နေသည့် ကွမ်းအုံဘုံရွာထိပ်ကကြားရပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

“မဲအုံနှောက်ရွာက လယ်ကွင်းတွေဘက်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေရှိတယ်” ဟု မဲအုံနှောက်ရွာသားတစ်ဦးက ဆိုသည်။

ပစ်ခတ်မှုဖြစ်ပွားနေသည့် အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။

ဇူလိုင်လ ၁၂ ရက် နံနက်ပိုင်းကစပြီး နခံတောရွာ၊ ရပ်ခံတောင်ထိပ်တွင် စစ်ကောင်စီတပ်က တပ်လာစွဲပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်နှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားနေသည်။

တပ်လာစွဲသည့်နေ့မှ ယနေ့အထိ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား လေးကြိမ်ခန့် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် နခံတောရွာနှင့် ကပ်လျက် ခမောင်းတောင်ရွာထဲ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးပြီး အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် လူငါးဦးခန့် ထိခိုက်ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ကျေးရွာများဘက်ကို ပစ်ခတ်နေသဖြင့် နခံတော၊ ခမောင်းတောင်၊ ထိန်တွင်း၊ မဲအုံနှောက်၊ ကွမ်းအုံဘုံ၊ စခန်းကြီး၊ တောင်မင်းပြောင်စသည့် ကျေးရွာက ဒေသခံများ ဇူလိုင်လ ၁၂ ရက်ကတည်းက ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။