ဟောင်ကောင် ဂီတကြယ်ပွင့်ကို အထူးအခွင့်အရေးပေးခဲ့၍ ထိုင်းလေဆိပ်ရဲများ အရေးယူခံရ

0
2683

ဟောင်ကောင် စူပါစတား ဂျက်ဆင်ဝမ်၏ ထိုင်းနိုင်ငံခရီးစဉ်တွင် သုဝဏ္ဏဘူမိလေဆိပ်၏ လူဝင်မှုကြီးကြပ်ရေး ရဲများက အထူးအခွင့်အရေးပေးခဲ့မှုကြောင့် ရဲ ၉ ဦး ကို တာဝန်ပြောင်းရွှေ့ အရေးယူလိုက်ကြောင်း သိရသည်။

လေဆိပ်တွင် ရှိနေသည့် အခြားသော ခရီးသည်များက တိုင်ကြားကြသဖြင့် ယင်းသို့အရေးယူလိုက်ခြင်း ဖြစ်ကြောင်း ထိုင်းလဝကအဖွဲ့၏ ထုတ်ပြန်အချက်အရ သိရသည်။

တိုင်ကြားချက်များအရ ဝမ် သည် အထူးအခွင့်အရေးအပြင် ရဲများ၏ ဝန်းရံပို့ဆောင်မှုကိုပါ ရရှိခဲ့ကြောင်း၊ သူနှင့် တချိန်တည်း ရှိနေသည့် လေဆိပ်တွင်း အခြားသော ခရီးသည်များမှာမူ ဆိုက်ရောက် ကောင်တာများကို ကျော်ဖြတ်ရန် ပုံမှန်ထက် အချိန် ပိုမိုကြာမြင့်စွာ စောင့်ဆိုင်းရမှုများ ရှိခဲ့ဟုဆိုသည်။

အဆိုတော် ဝမ် ကို ထိုင်းလေဆိပ်ရဲများက ဤသို့ ဝန်းရံလိုက်ပါပို့ဆောင်ပေးခဲ့သည့် ပုံရိပ်များနှင့် ဗီဒိယိုများ သည်လည်း လူမှုကွန်ရက်များတွင် ရေပန်းစားခဲ့သည်။

အဆိုပါ ဗီဒီယိုများတွင်း ရာနှင့်ချီသော ပရိသတ်များသည် လေဆိပ်၏ ဒုတိယထပ် ရှိ ဝရန်တာများတွင် ဝမ်ကိုစောင့်ဆိုင်းနေသည်ကို မြင်တွေ့ခဲ့ရသည်။ ဧည့်ဆောင် သို့ ဝမ် ဖြတ်သန်းလာသည့် အခါ နံဘေးတွင် လဝကရဲများက ထူထပ်စွာ အကာအကွယ် ပေးထားသော်လည်း ပရိသတ်များက သောင်းသောင်းဖြဖြ အားပေးခဲ့ကြသည်။ ဂျက်ဆင်ဝမ် သည် ပရိသတ်များထံ အကြိမ်ပေါင်းများစွာ လက်အုပ်ချီခဲ့သည့်အခါတိုင်း ၎င်းတို့က ပိုမိုတခဲနက် ကြိုဆိုခဲ့ကြကြောင်း တွေ့ရသည်။

ဟောင်ကောင်နွယ်ဖွား အဆိုတော် အပြင် ကိုရီးယားအခြေစိုက် ကေပေါ့ပ် အဖွဲ့ GOT7 ၏ အဖွဲ့ဝင် တစ်ဦး ဖြစ်သည့် ဂျက်ဆင်ဝမ်သည် လာမည့်အင်္ဂါနေ့တွင် ကျင်းပမည့် ပွဲတစ်ခု တက်ရောက်ရန်အပြင် မိဘများနှင့်အတူ အနားယူနိုင်ရန် ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။

GOT7 အဖွဲ့သည် ထိုင်းနိုင်ငံတွင်း ပရိသတ်အခိုင်အမာ ရှိသည့် ကေပေါ့ပ်အဖွဲ့တစ်ခု လည်း ဖြစ်သလို ဂျက်ဆင်ဝမ် ကိုယ်တိုင်မှာလည်း ထိုင်းပရိသတ်များ ရှိကာ ထိုင်းနိုင်ငံသို့ မကြာခဏ လာရောက်ကာ အနုပညာလှုပ်ရှားမှုများ ဆောင်ရွက်လေ့ ရှိသည်။

Reference

●       Thai PBS World