ပျူစောထီးများ ဖမ်းဆီးခံရပြီးနောက် ရငဲရွာတွင် တိုက်ပွဲဖြစ်

0
3634

သရက်ချောင်းမြို့နယ်တွင် ပျူစောထီးများ ဖမ်းဆီးခံရပြီးနောက် ရငဲရွာအနီးတွင် ဇူလိုင်လ ၁၆ရက် မွန်းလွဲပိုင်းက တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံအချို့နှင့် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ တာဝန်ရှိသူတို့က ပြောသည်။

ယင်းနေ့ မွန်းလွဲ ၁နာရီဝန်းကျင်က ပဲဒက်ကျေးရွာဘက်မှ ထားဝယ်ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ကား သုံးစီးပေါ်တွင် လိုက်ပါလာသည့် ပျူစောထီးအဖွဲ့ဝင် ငါးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပျူစောထီးအဖွဲ့ဝင်များကို ဖမ်းဆီးပြီး ကျန်ခရီးသည်များကို လွှတ်ပေးလိုက်ကြောင်း ၎င်းက ဆိုသည်။

ပျူစောထီးအဖွဲ့ဝင်များ ဖမ်းဆီးခံရပြီးနောက် ရငဲကျေးရွာ မြွေတောင်ပေါ်မှ ဆင်းလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ မွန်းလွဲ ၂ နာရီခန့်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း အထက်ပါ တာဝန်ရှိသူက ပြောဆိုသည်။

ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်က နှစ်ဦးသေဆုံးပြီး ငါးဦးခန့် ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။

ပစ်ခတ်မှုသံများကို ညနေ ၃ နာရီခန့်အထိကြားရကြောင်း ရငဲကျေးရွာကဒေသခံအချို့က ဆိုသည်။

“ပစ်တာကတော့ ရငဲရွာအင်းဘူးအပိုင်းဘက်မှာ ဖြစ်ကြတာ။ ပျူစောထီးကားကို ဖမ်းပြီးတဲ့နောက် သတင်းရပြီး ပစ်ကြတာဖြစ်မယ်။ ကျန်တဲ့အသေးစိတ်အခြေအနေတော့ မသိရသေးဘူး” ဟု ရငဲကျေးရွာကအမျိုးသမီးတစ်ဦးက ပြောသည်။

လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများကြောင့် ရငဲရွာအပါအဝင် ဝဲရစ်၊ ကမြိုင်၊ ကနက်သီရိ၊ ကျွဲမင်းကုန်းစသည့် ကျေးရွာက ဒေသခံများ ပြန်လည်ထွက်ပြေးနေရကြောင်း ဒေသခံတို့ထံမှ သိရသည်။

တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ရာမှ အခြေအနေတည်ငြိမ်လာသဖြင့် နေရပ်တွင် ပြန်လည်နေထိုင်နေသည့် ဒေသခံများမှာ ယခုတိုက်ပွဲဖြစ်ပွားမှုကြောင့် ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းတို့က ဆိုသည်။

“(တိုက်ပွဲတွေကြောင့် တိမ်းရှောင်ရာကနေ) ရွာမှာ ပြန်နေနေသူတွေလည်း ပြန်ထွက်ပြေး လာရတယ်။ တချို့လည်း ရွာထဲပိတ်မိနေတာရှိတယ်” ဟု ရငဲရွာဒေသခံအမျိုးသမီးနောက်တစ်ဦးက ပြောသည်။

ယနေ့ ဇူလိုင်လ ၁၇တွင် ပစ်ခတ်သံများ မကြားရကြောင်း ဒေသခံတို့ထံမှ သိရသည်။