လောင်းလုံးအောက်ဘက်သို့ ရေလမ်းကလာသည့် စစ်ကောင်စီတပ်လှေ နစ်မြုပ်

0
3704

လောင်းလုံးမြို့အောက်ဘက် သကျက်တောကျေးရွာဖက်သို့ ရေလမ်းကလာသည့် စစ်ကောင်စီတပ်၏ လှေတစ်စီး နစ်မြုပ်သွားကြောင်း ဒေသခံအချို့က ပြောသည်။

ဇူလိုင်လ ၁၆ ရက်ညအချိန် သပြေရှောင်နှင့် ရှင်မော်ကြားရှိ ထားဝယ်မြစ်တစ်နေရာတွင် နစ်မြုပ်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

မိုးသက်လေပြင်းများ ကျရောက်သဖြင့် စစ်ကောင်စီတပ်ဖွဲ့လိုက်ပါလာသည့် စက်လှေနှစ်စီးအနက် တစ်စီး နစ်မြုပ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“ညက မိုးတွေလေတွေ အရမ်းတိုက်‌တော့ ကမ်းကို ကပ်ဖို့လုပ်တာမှာ တစ်ခုခုနဲ့ ထိုးမိပြီး လှေနစ်သွားတာလို့ ပြောတယ်” ဟု ၎င်းက ပြောသည်။

ယနေ့ ဇူလိုင်လ ၁၇ ရက် နံနက်ပိုင်းတွင်မူ ယင်းစက်လှေမြုပ်သည့်နေရာ အနီးအနားတွင် အခြားစက်လှေသုံးစီး ရောက်ရှိနေပြီး တစ်ခုခုကို ရှာဖွေနေဟန်ရှိကြောင်း မျက်မြင်တွေ့သည့် ဒေသခံတစ်ဦးက ပြောဆိုသည်။

ကျောက်နီမော်ကျေးရွာမှ ပျူစောထီးခေါင်းဆောင်ချစ်စမ်းမောင်နှင့်အဖွဲ့ကလည်း လှေများဖြင့် သွားရောက် ကယ်ဆယ်နေကြောင်း ကျောက်နီမော်ဒေသခံတစ်‌ဦးက ဆိုသည်။

“ကင်းလှည့်‌နေရင်းနဲ့ မြုပ်သွားတာလို့ ပြောသံကြားရတယ်” ဟု ၎င်းဒေသခံ ယနေ့ နေ့လယ် ၁၂ နာရီခန့်တွင် ပြောဆိုသည်။

လှေနစ်မြုပ်သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးကြောင်း ဒေသခံအချို့ကပြောဆိုကြသော်လည်း Dawei Watch အနေအဖြင့်မူ သီးခြားအတည် မပြုနိုင်သေးပေ။

“လှေနစ်တာကတော့ သေချာတယ်။ ဘယ်လောက်သေတယ်ဆိုတာတော့ တိတိကျကျ မသိဘူးဗျ။ တချို့တွေဆို ငါးဆယ်လောက် သေတယ်လို့တောင် ပြောနေကြတာ” ဟု သကျက်တောဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိတွင် သကျက်တောကျေးရွာစာသင်ကျောင်းတွင် စစ်ကောင်စီတပ်က တပ်စွဲထားပြီး အနီးအနားကို စစ်ကြောင်း ထိုးမည့် သတင်းထွက်ပေါ်နေသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

ရဘဲ၊ သဝင်၊ ကျောက်ပုံ စသည့် ကျေးရွာကဒေသခံများထွက်ပြေးနေကြရပြီး သကျက်တောရွာတွင်မူ တစ်ရွာလုံးနီးပါး ရွာတွင် မရှိတော့ကြောင်း ဒေသခံအချို့က ဆိုသည်။