တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
1984

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇူလိုင်လ ၉ ရက်နေ့မှ ၁၄ ရက်နေ့အထိ

ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးသွားရောက်တွေ့ဆုံမှု ဝေဖန်မေးခွန်းထုတ်ခံရ

နှစ်ရှည်အကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင် သွားရောက်တွေ့ဆုံမှုအပေါ် ဝေဖန်မေးခွန်းထုတ်တာတွေ ရှိနေပါတယ်။

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ မစ္စတာ ဒွန်ဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကျင်းပဖို့ နှစ်ရက်အလို ဇူလိုင်လ ၉ ရက်နေ့မှာ နေပြည်တော်သို့ တိတ်တဆိတ်ရောက်လာပြီး လျှို့ဝှက်တွေ့ဆုံခဲ့တာပါ။

ဒီတွေ့ဆုံမှုကို အာဆီနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေးကို ထောက်ခံကြောင်း ပြောတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

မြန်မာစစ်ကောင်စီဘက်ကလည်း ဒီတွေ့ဆုံမှုဟာ တစ်နာရီခွဲနီးပါးကြာမြင့်ခဲ့ပြီး နှစ်ဦးချင်း လွတ်လွတ်လပ်လပ် တွေ့ဆုံခဲ့တာလို့ ပြောဆိုထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားဆိုပြီး ထိုင်းနိုင်ငံခြားရေး ဝန်ကြီးပြောဆိုချက်ကို သံသယဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အရင်ကပြောဆိုထားတဲ့ သဘောထားတွေနဲ့ ကွဲလွဲနေသလို ကာယကံရှင်ကိုယ်တိုင် ပြောဆိုတာမဟုတ်တဲ့အပြင် လွတ်လပ်စွာပူးတွဲပြောကြားနိုင်တဲ့အခြေအနေ မဟုတ်တာကြောင့်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုချက်က ယုံကြည်လက်ခံနိုင်ဖွယ်ရာမရှိတဲ့၊ တရားဝင်မှုမရှိတဲ့ ပြောဆိုမှုသာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ NUG အနေနဲ့ အာဏာရှင်စနစ်ကို အပြီးတိုင် ဖယ်ရှားပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ်နဲ့ အစားထိုးပြောင်းလဲနိုင်ဖို့ အဆုံးတိုင်ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာသံတမန်တွေ တွေ့ဆုံခွင့်ရဖို့ အကြိမ်ကြိမ်ကြိုးပမ်းခဲ့ကြပေမယ့် စစ်ကောင်စီက ခွင့်မပြုခဲ့ပါဘူး။ ဒါကြောင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ တွေ့ဆုံမှုဟာ အာဏာသိမ်းကာလမှာ နိုင်ငံတကာသံတမန်တစ်ဦးအနေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ရတာပါ။

ဒီလိုတွေ့ဆုံခွင့်ပေးတာဟာ စစ်ကောင်စီက နိုင်ငံရေးအမြတ်ထုတ်လိုတဲ့အတွက် ခွင့်ပြုခဲ့တာဖြစ်ပြီး အကျပ်အတည်း ကြုံနေချိန် နိုင်ငံရေးထွက်ပေါက်အဖြစ် အသုံးချတာလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ နိုင်ငံတကာဖိအားတွေကို လျှော့ချဖို့၊ နိုင်ငံတကာအမြင် ပြောင်းလဲလာစေဖို့၊ ပြည်တွင်းတော်လှန်ရေးအင်အားစုတွေကြား သွေးကွဲအောင် လုပ်ဆောင်တာလို့လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။

……………………………………

အာဏာသိမ်းပြီးနောက် တရားစီရင်ရေးစနစ် ဖျက်ဆီးခံရတယ်လို့ FEM ပြော

Police carry a protester as they arrest her during a demonstration against the military coup in Mandalay on February 9, 2021. (Photo by STR / AFP) / ìThe erroneous mention[s] appearing in the metadata of this photo by STR has been modified in AFP systems in the following manner: [her] instead of [him]. Please immediately remove the erroneous mention[s] from all your online services and delete it (them) from your servers. If you have been authorized by AFP to distribute it (them) to third parties, please ensure that the same actions are carried out by them. Failure to promptly comply with these instructions will entail liability on your part for any continued or post notification usage. Therefore we thank you very much for all your attention and prompt action. We are sorry for the inconvenience this notification may cause and remain at your disposal for any further information you may require.î

ဖူးငုံစ မြန်မာ့တရားစီရင်ရေးစနစ်ဟာ အာဏာသိမ်းပြီးနောက်မှာ ဖျက်ဆီးခံလိုက်ရတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း မြန်မာ (FEM) က ပြောပါတယ်။

‘မြန်မာစစ်တပ်ရဲ့ တရားစီရင်ရေးယန္တရား’ အမည်ရတဲ့ အစီရင်ခံစာကို FEM က ဇူလိုင်လ ၁၃ ရက်နေ့က ထုတ်ပြန်ရာမှာ အခုလို ဖော်ပြတာပါ။ စစ်တပ်ရဲ့ တရားစီရင်ရေးစနစ်အတွင်းမှာ ပါဝင်သူတွေကို မေးမြန်းပြီး ဒီအစီရင်ခံစာကို ရေးထားတာလို့ ဆိုပါတယ်။

တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေး လွတ်လပ်အမှီအခိုကင်းမှုနဲ့ တိုးတက်လာတဲ့ တရားရေးခုခံချေပချက်တွေ ဖယ်ရှားခံခဲ့ရပြီး အာဏာရှင်တရားစီရင်ရေးနဲ့ အစားထိုးခံလိုက်ရတယ်လို့ ဆိုပါတယ်။

ပြည်သူတစ်ဦးချင်းစီဟာ နိုင်လိုမင်းထက်နိုင်တဲ့ တရားစီရင်ရေးစနစ်နဲ့ ကြုံတွေ့နေရတယ်လို့လည်း ဖော်ပြပါတယ်။

အာဏာသိ်မ်းပြီးနောက်မှာ တရားသူကြီးအသစ်ခန့်တာ၊ ကျန်တရားသူကြီးတွေကို ခြိမ်းခြောက်တာ၊ တရားရုံးပိတ်ချတာ၊ ရှေ့နေတွေကို နှစ်ရှည်ထောင်ချတာတွေ လုပ်ခဲ့တယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

……………………………………

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ အာဆီယံတောင်းဆို

An empty seat of Myanmar’s Foreign Minister shown during the Association of Southeast Asian Nations (ASEAN) Foreign Ministers interface meeting with ASEAN Intergovernmental Commission on Human Rights Representatives (R) as part of the ASEAN Foreign Ministers’ Meeting in Jakarta, Indonesia on July 11, 2023. BAY ISMOYO/Pool via REUTERS

မြန်မာနိုင်ငံမှာ လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ အရပ်ဘက်အဆောက်အအုံတွေကို ဖျက်ဆီးတာ အပါအဝင် အကြမ်းဖက်မှုတွေကိုရှုတ်ချပြီး ချက်ချင်းရပ်တန့်ပေးဖို့ အာဆီယံက တောင်းဆိုလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ဇူလိုင်လ ၁၁နဲ့ ၁၂ ရက်နေ့တွေမှာ ကျင်းပတဲ့ ၅၆ ကြိမ်မြောက် အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေးအပြီးမှာ အခုလို တောင်းဆိုလိုက်တာပါ။

မြန်မာ့အရေးအတွက် ထိုင်းနိုင်ငံ လုပ်ဆောင်မှုတွေဟာ တိုးတက်မှုဖြစ်ပေမယ့် အာဆီယံဘုံသဘောတူညီချက် ငါးချက်အတိုင်း လုပ်ဖို့၊ အာဆီယံဥက္ကဋ္ဌနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း ဖော်ပြပါတယ်။ ထိုင်းနိုင်ငံက မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲလုပ်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

မြန်မာအရေးဖြေရှင်းရေး အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို ဆက်လက်ကိုင်စွဲဖို့လည်း အားလုံးသဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

မြန်မာ့အရေးလွှမ်းမိုးခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာအရေးနဲ့ပတ်သက်လို့ အာဆီယံ အဖွဲ့ဝင်တွေကြား သဘောထားကွဲလွဲမှုတွေရှိပြီး ပူးတွဲကြေညာချက်ထုတ်ဖို့တောင် နှောင့်နှေးခဲ့ရပါတယ်။ စည်းစည်း လုံးလုံး ညီညီညွတ်ညွတ်ဖြေရှင်းကြဖို့ အရေးကြီးတယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌက တိုက်တွန်းခဲ့ရပါတယ်။

မြန်မာစစ်ကောင်စီကတော့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်ခွင့် မရခဲ့ပါဘူး။

……………………………………

MAI ဘဏ်အကောင့်တွေကို စင်္ကာပူ UOB ဘဏ်ပိတ်မယ်

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (Myanmar Airways International – MAI) နဲ့ သက်ဆိုင်တဲ့ ဘဏ်အကောင့် တွေကို စင်္ကာပူအခြေစိုက် United Overseas Bank (UOB) က ပိတ်သိမ်းတော့မှာဖြစ်ပါတယ်။

ဘဏ်အကောင့် ငါးခုစလုံးကို လာမယ့် ဩဂုတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပိတ်သိမ်းမှာဖြစ်ပြီး ဘဏ်ကို အသုံးပြုပြီး ငွေပေးချေတာကိုတော့ ဇူလိုင်လ ၂၁ ရက်မှာ ရပ်ဆိုင်းမှာဖြစ်ပါတယ်။

ဘဏ်အကောင့်တွေကို မပိတ်ဖို့ MAI ဘက်က တောင်းဆိုတာကို UOB က ပြန်လည်ငြင်းဆိုထားပါတယ်။

ဒါကြောင့် MAI ဟာ စင်္ကာပူအခြေစိုက် DBS ဘဏ်အပြင် ထိုင်းအခြေစိုက် ကာဆီကွန်ဘဏ်နဲ့ ယူအေအီးမှာရှိတဲ့ Emirates NBD စတဲ့ ဘဏ်တွေမှာ အကောင့်ဖွင့်ဖို့ ကြိုးစားနေတယ်လို့သိရပါတယ်။

ဘဏ်ကောင့်တွေ ပိတ်သိမ်းရတဲ့အကြောင်းအရင်းကို နှစ်ဖက်စလုံးက ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ ဒါပေမဲ့ မြန်မာစစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ဘဏ်ကြီးနှစ်ဘဏ်ကို အမေရိကန်ပြည်ထောင်စုက အရေးယူလိုက်တဲ့ နောက်ဆက်တွဲအကျိုးဆက်ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

စစ်ကောင်စီက လက်နက်ဝယ်ယူရာမှာ UOB အပါအဝင် စင်္ကာပူဘဏ်သုံးခုကို အသုံးပြုနေတယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူး အစီရင်ခံစာမှာ ရေးသားဖော်ပြပြီး နောက်မှာ အခုလို ပိတ်သိမ်းလာတာလည်း ဖြစ်ပါတယ်။

……………………………………

DVB နဲ့ Mizzima သတင်းဌာနတွေကို တရားစွဲမယ်လို့ စစ်ကောင်စီပြော

ကျပ်သိန်းရာချီ အကြွေးရစရာရှိတယ်ဆိုပြီး DVB နဲ့ Mizzima သတင်းဌာနတွေကို တရားစွဲဖို့ စစ်ကောင်စီက ပြင်ဆင်နေပါတယ်။

မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား MRTV ရဲ့ အခမဲ့ရုပ်သံလိုင်းမှာ ထည့်သွင်းပြသခအတွက် DVB က တစ်လစာ ကျပ်သိန်းနှစ်ရာ၊ Mizzima က လေးလစာ ကျပ်သိန်း ရှစ်ရာပေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကြွေးကျန်တွေရဖို့အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ အမှုဖွင့်တရားစွဲဖို့ လုပ်နေတယ်လို့ စစ်ကောင်စီဘက်က ပြောဆိုထားပါတယ်။

ကြွေးကျန်ရှိတာမှန်ပေမယ့် ကျပ်သိန်းကိုးရာကျော်ရှိတဲ့ Mizzima ရဲ့ ဘဏ်အကောင့်ကို စစ်ကောင်စီက ပိတ်ထားတဲ့အတွက် ငွေပြန်ရစရာတောင် ရှိသေးတယ်လို့ Mizzima က တုံ့ပြန်ထားပါတယ်။ လွတ်လပ်မျှတတဲ့ တရားခွင်ဖြစ်တယ်လို့ အာမခံနိုင်ရန် တရားရင်ဆိုင်မယ်လို့လည်း ဆိုပါတယ်။

DVB ဘက်ကလည်း ရုပ်သံထုတ်လွှင့်မှု သဘောတူညီချက်အရဆိုရင် တရားမဝင် ပိတ်သိမ်းခံရတဲ့အတွက် DVB ဘက်ကတောင် တရားစွဲရဦးမယ်လို့ တုံ့ပြန်ထားပါတယ်။

ဒီသတင်းဌာနနှစ်ခုဟာ အာဏာသိမ်းပြီးတစ်လကျော်အကြာမှာ လုပ်ငန်းလိုင်စင် ပိတ်သိမ်းခံခဲ့ရတာပါ။

……………………………………

ကလေးတွေ ပြင်းထန်အဆုတ်ရောင်ရောဂါ ဖြစ်ပွားတာများနေလို့ ကျောင်းတချို့ပိတ်ထားရ

ကလေးတွေ ပြင်းထန်အဆုတ်ရောင်ရောဂါဖြစ်ပွားတာ အလွန်များပြားနေလို့ ရန်ကုန်က ပုဂ္ဂလိက မူကြိုကျောင်းတချို့ ပိတ်ထားရပါတယ်။

အသက်ရှူလမ်းကြောင်းကနေ ဗိုင်းရပ်ကူးစက်ပြီး ၁၀နှစ်အောက် ကလေးတွေမှာ ကူးစက်နှုန်းမြင့်နေတာပါ။ အဆုတ်လေပြွန်ရောင်ပြီး ချောင်းတွေဆိုး၊ သလိပ်တွေထွက်တဲ့အပြင် အသက်ရှူနှုန်း မြန်တာကြောင့် ဆေးရုံဆေးခန်း တက်ပြီး အောက်စီဂျင် ပေးရတာတွေ ရှိနေတာပါ။

အသက်ရှူလမ်းကြောင်းကနေ ကူးစက်တတ်တာကြောင့် ကိုဗစ်ကာကွယ်နည်းတွေအတိုင်း ကာကွယ်နိုင်တယ်လို့လည်း ဆရာဝန်တွေက ဆိုပါတယ်။

သွေးလွန်တုပ်ကွေး၊ ရာသီတုပ်ကွေး စတာတွေကြောင့်လည်း ဖျားနာတွေ မြင့်တက်နေပါတယ်။

……………………………………

လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ သေဆုံးတာတွေဆက်ရှိနေ

စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်တာတွေကြောင့် ယခုသီတင်းပတ်အတွင်းမှာလည်း ကလေးငယ်တွေ သေဆုံးတာ၊ ဒုက္ခသည်စခန်းတွေ ထိခိုက်ပျက်စီးတာတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

ကယား (ကရင်နီ) ပြည်နယ် ထိုင်း-မြန်မာနယ်စပ် မယ်စဲ့မြို့နယ်ထဲက ဒေါနိုးကူးစစ်ဘေးရှောင်စခန်း ဇူလိုင်လ ၁၂ ရက် နံနက် ၁နာရီလောက်မှာ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုမှာ အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးနှစ်ဦး ပြင်းထန် ဒဏ်ရာရခဲ့ပါတဲ့အပြင် ကျောင်း၊ ဆေးခန်းနဲ့ စစ်ဘေးရှောင်တွေရဲ့ အိမ်တွေ ထိခိုက်ပျက်စီးသွားတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ဆီကနေ သိရပါတယ်။

ကျောက်စုကျေးရွာလည်း လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရလို့ အသက် ၁၁နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရ ခဲ့ပါတယ်။ ဒီနေရာနှစ်ခုလုံး တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးကြဲခံရတာလို့ ဆိုပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့နယ် ဝုမ်းခုမ်ရွာမှာလည်း လေကြောင်းတိုက်ခိုက်ခံရလို့ ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦး၊ လသားအရွယ်ကလေးရှိတဲ့ မိခင်တစ်ဦး၊ အသက် ၆၅နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ရပါတယ်။ 

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်တွေနဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ ကလေးငယ် သေဆုံးထိခိုက်မှု တိုးလာတယ်လို့ ဖော်ပြပါတယ်။

……………………………………

လားရှိုးမြို့မဈေးထဲ ဗုံးပေါက်ကွဲလို့ လူ၁၀ကျော် ဒဏ်ရာရ

ရှမ်းပြည်နယ် လားရှိုးမြို့မဈေးထဲက ဇွဲထက်ရွှေဆိုင်ရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်ကနေ ဗုံးပေါက်ကွဲလို့ လူ ၁၂ဦးဒဏ်ရာရပါတယ်။

ဇူလိုင်လ ၁၅ ရက် နံနက်ပိုင်းမှာ ဗုံးပေါက်ကွဲတာဖြစ်ပြီး ဒဏ်ရာရသူတွေထဲက ၁၁ ဦးက ရွှေဆိုင်ဝန်ထမ်းတွေ ဖြစ်ပါတယ်။ ကျန်တစ်ဦးကတော့ ဈေးဝယ်သူအမျိုးသမီးဖြစ်တယ်လို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။

ဒီပေါက်ကွဲမှုဟာ ဘယ်သူတွေရဲ့ လက်ချက်ဆိုတာကို မသိရသေးပါဘူး။

……………………………………

လီလီနိုင်ကျော် အသတ်ခံရမှုမှာ စွပ်စွဲဖမ်းဆီးခံထားရသူ နှစ်ဦး အသတ်ခံရ

စစ်ကောင်စီထောက်ခံသူ အဆိုတော်လီလီနိုင်ကျော်ကို သတ်ခဲ့တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခံထားရသူနှစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်လို့ သေဆုံးခဲ့ရပါတယ်။

ကိုကောင်းဇာနည်ဟိန်းနဲ့ ကိုကျော်သူရတို့ဟာ လက်နက်တွေဝှက်ထားတယ်ဆိုတဲ့ ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် မောင်းမကန်လမ်းမှာရှိတဲ့ ခြုံပုတ်ကို ဇူလိုင်လ ၆ရက် ညနေပိုင်းက လိုက်ပြတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

လက်နက်ရှာနေချိန် ထွက်ပြေးဖို့ ကြိုးစားလို့ ပစ်ခတ်ဖမ်းဆီးတာမှာ သေဆုံးတာလို့ စစ်ကောင်စီဘက်က ဆိုပါတယ်။

ကိုကောင်းဇာနည်ဟိန်းကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ သတင်းထုတ်ပြန်တဲ့နေဖြစ်တဲ့ ဇွန်လ ၆ရက်နေ့မှာ ကိုကောင်းဇာနည်ဟိန်းရဲ့ မိခင်နဲ့ အစ်မဝမ်းကွဲတော်စပ်သူတို့ နေအိမ်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါသေးတယ်။

……………………………………