ဒေါ်အောင်ဆန်းစုကြည်၏သဘောထားဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြောဆိုချက် သံသယရှိကြောင်း NLD ထုတ်ပြန်

0
7229

ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားဟု ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ၏ ပြောကြားချက်များအပေါ် သံသယရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ယနေ့ ဇူလိုင်လ ၁၄ ရက်တွင် ထုတ်ပြန်သည်။

ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်နှင့် လွတ်လပ်စွာ ပူးတွဲပြောကြား နိုင်သောအခြေအနေ မဟုတ်သည့်အတွက် စကားရပ်တိုင်းသည် စစ်မှန်သည်ဟုယူဆရန် သံသယရှိကြောင်း ဖော်ပြသည်။

ဖမ်းဆီးခံထားရသည့်ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ပြောဆိုချက်နှစ်ရပ်ဖြင့်လည်း ထောက်ပြထားသည်။

ပထမတစ်ချက်မှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့များ လွတ်လပ်စွာ စုံညီအစည်းအဝေး မကျင်းနိုင်ဘဲ ၎င်းအနေဖြင့် မည်သည့်သဘောထားများ၊ ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်မဟုတ်ဆိုသည့် အချက်ဖြစ်သည်။

ဒုတိယအချက်မှာ ပြည်သူလူထုကိုသာအခြေခံပြီး ပြည်သူလူထု၏ ဆန္ဒသ‌‌ဘောထားကို မည်သည့်အခါမျှ ဆန့်ကျင်မည်မဟုတ် ဟူသော အချက်များနှင့် ကွဲလွဲနေကြောင်း ထုတ်ပြန်ချက်တွင် ထောက်ပြထားခြင်းဖြစ်သည်။

ထို့ကြောင့် လွတ်လပ်စွာသဘောထားအမြင်ကို တင်ပြနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးလွတ်မြောက်ရေးအတွက် အားစိုက်လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းထားသည်။

အကျဉ်းချခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ နေပြည်တော်တွင် ဇူလိုင်လ ၉ ရက်နေ့က တစ်နာရီခွဲနီးပါးကြာ နှစ်ဦးတည်း တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီဘက်က ဇူလိုင်လ ၁၃ရက်က အတည်ပြုထားသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဇူလိုင်လ ၁၁ ရက်က ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေးကို ထောက်ခံကြောင်း ပြောဆိုသည်ဟုလည်း ၎င်းက ပြောဆိုထားခြင်းဖြစ်သည်။