ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တစ်နာရီခွဲခန့်ကြာတွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီအတည်ပြု

0
2325

အကျဉ်းချခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တစ်နာရီခွဲနီးပါးကြာ နှစ်ဦးတည်း တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြု ပြောသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် ဇူလိုင်လ ၉ ရက်နေ့က နေပြည်တော်သို့ လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ၎င်းက စစ်ကောင်စီအာဘော် မြဝတီသတင်းဌာနကတစ်ဆင့် ယနေ့ပြောဆိုထားသည်။

နှစ်ယောက်ချင်း လွတ်လွတ်လပ်လပ်တွေ့ဆုံခြင်းဖြစ်သဖြင့် ထိုင်းနိုင်ငံခြားရေး ဆွေးနွေးလိုသည်များကိုလည်း လွတ်လွတ်လပ်လပ် ဆွေးနွေးခဲ့သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

“ဆွေးနွေးချက်တွေကိုတော့ အသေးစိတ် မသိပါဘူး” ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်းလည်း ပြောဆိုသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဇူလိုင်လ ၁၂ ရက်ကပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေးကို ထောက်ခံကြောင်း ပြောဆိုသည်ဟုလည်း ၎င်းကဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကမူ ယခုတွေ့ဆုံမှုကို စစ်ကောင်စီက ၎င်းတို့အကျိုးအတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းမီဒီယာများတွင် ပြောဆိုထားသည်။