အယုဒ္ဓယတွင် တရားမဝင် မြန်မာလုပ်သား ၁၂ ဦး ဖမ်းဆီးခံရ

0
1666

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင် အမြန်လမ်းပေါ်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၂ ဦးကို ဇူလိုင်လ ၁၀ ရက် ညနေပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

အယုဒ္ဓယခရိုင် ဝမ်းနွဲ့ဒေသရှိ အမြန်လမ်းပေါ်တွင် မသင်္ကာစရာ ပစ်ကပ်ကားတစ်စီးကို အမြန်လမ်းရဲတပ်ဖွဲ့က စစ်ဆေးရာတွင် မြန်မာအလုပ်သမား အမျိုးသား ၇ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ အားလုံးတွင် နိုင်ငံကူးလက်မှတ်နှင့် တရားဝင် စာရွက်စာတမ်း အထောက်အထားများ မတွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်။

မြန်မာအလုပ်သမားများသည် နံနက် ၂ နာရီအချိန်တွင် မဲဆောက်နယ်စပ်သို့ တောလမ်းအတိုင်း ဝင်ရောက်လာခဲ့ကြပြီးနောက် ပွဲစားက ကားဖြင့်လာခေါ်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့သည် ဘန်ကောက်နှင့် ပထုံဌာနီခရိုင်များတွင် အလုပ်လုပ်ကိုင်နိုင်ရန် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်အတွက် ဘတ် ၁၅၀၀၀ မှ ၂၀၀၀၀ အထိ ကုန်ကျမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာအလုပ်သမားများသည် နံနက်ကတည်းက ရေတစ်မျိုးသာ သောက်ထားရကြောင်း ဖြေကြားခဲ့သဖြင့် ရဲတပ်ဖွဲ့က ပလာတာနှင့် ကြက်ဆီထမင်းကို ကျွေးမွေးခဲ့ဟုဆိုသည်။

ထိုင်းကားသမားသည် မြန်မာအလုပ်သမားများကို တစ်ဦးလျှင် ဘတ် ၁၅၀၀ နှုန်းဖြင့် ပို့ဆောင်ပေးရန်အတွက် ထိုင်းပွဲစားတစ်ဦးက ငှားရမ်းခဲ့ခြင်းဖြစ်ပြီး ငွေလိုအပ်နေသဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ဖြေကြားချက်ကို ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန်အတွက် အမြန်လမ်းရှိ ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဇူလိုင်လ ၄ ရက်နေ့ကလည်း မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမား ၂၀ ဦးကို ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင်တွင် ဖမ်းဆီးရမိခဲ့သေးသည်။

Ref: Sanhook, Khaosod Online, CH 8