သရက်ချောင်းတွင် စစ်ဘေးရှောင်တစ်ရာကျော် ကျန်းမာရေးမကောင်းဖြစ်နေ

0
1795

သရက်ချောင်းမြို့နယ်က စစ်ဘေးရှောင်တစ်ရာကျော် ကျန်းမာရေးမကောင်းဖြစ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့်အဖွဲ့ထံက သိရသည်။

အဆိုပါမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ဇွန်လထဲတွင် စစ်ကြောင်းထိုးဝင်ရောက်သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ကနက်သီရိ၊ ကျွဲမင်းကုန်း၊ ကျောက်ခမောက်စသည့် ကျေးရွာ ခြောက်ရွာခန့်က ဒေသခံအချို့‌နေရပ်ပြန်နိုင်ပြီ ဖြစ်သော်လည်း ရငဲကျေးရွာ မြွေတောင်တွင် စစ်ကောင်စီက တပ်စွဲထားသဖြင့် ရငဲ၊ ဝဲရစ်၊ ကမြိုင်စတဲ့ ကျေးရွာ လေးရွာခန့်က ဒေသခံများမှာ ရွာလုံးကျွတ်နီးပါး နေရပ်မပြန်နိုင်ကြသေးကြောင်း ၎င်းတို့ထံက သိရသည်။

စစ်ဘေးရှောင် တစ်ရာ့နှစ်ဆယ်ခန့် နေထိုင်မကောင်းဖြစ်နေကြပြီး အများစုမှာ ရာသီတုပ်ကွေးပုံစံ ဖျားနာသူများ၊ ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူများ အများဆုံးဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ရောဂါကြီးသူတွေကတော့ ထားဝယ်ဘက်ကိုရောက်ကုန်ပြီ။ ကတွဲဘက်မှာတော့ဆိုးဆိုးရွားရွားဖြစ်တဲ့သူ သုံးယောက် ပါလာတယ်။ ဟိုနေ့က ကားနဲ့ သယ်ထုတ်ပေးတာမှာ ခုနစ်ယောက်၊ တစ်ခါတည်းထားဝယ်ကို ပို့လိုက်တယ်။ ဆီးချို တအားတက်လာပြီး မူးဝေတာဖြစ်တယ်။ နှစ်ယောက်က ငှက်ဖျားဖြစ်ပြီး တက်သလိုမျိုးဖြစ်တာ။ ငှက်ဖျားဆေး မသောက်ရလို့ ရိုးရိုးဆေးပဲတိုက်ထားတော့ ငှက်ဖျားမနိုင်ဘဲဖြစ်တယ်။ အဲဒီမှာ နည်းနည်းထိတ်ထိတ်လန့်လန့်ဖြစ်ပြီး သွေးရူးသွေးတန်း ထအော်တာမျိုးတွေဖြစ်တယ်” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်များကို နီးစပ်ရွာကျေးရွာဘုန်းကြီးကျောင်းများနှင့် နေအိမ်များတွင် နေရာချထားပေးပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောင်မှုများကိုလည်း ဆရာဝန်နှင့် သူနာပြုဆရာမများက ကုသပေးကြောင်း ၎င်းက ဆိုသည်။

စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် ပြည်တွင်းစစ်မီးကြောင့် တနင်္သာရီတိုင်းတွင် အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင် နှစ်သောင်းခြောက်ထောင်ကျော်ရှိကြောင်း ဒေါနတင်္သာရီ-စစ်ဘေးရှောင် ကူညီရေးအဖွဲ့က ဇူလိုင်လ ၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

နှစ်ဖက်ထိတွေ့တိုက်ပွဲများ၊ မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဉ်များ၊ စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးမှုများ၊ ဒေသခံပြည်သူတို့၏ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ၊ ဒေသခံများကို လူသားဒိုင်းသဖွယ် ဖမ်းဆီးခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်းတို့ကြောင့် ဒေသခံများ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရကြောင်း ဖော်ပြသည်။

သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများက ဒေသခံများမှာ စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုကြောင့် ထိခိုက်မည်စိုးသဖြင့် နေရပ်မပြန်ကြသေးသလို နှစ်ဖက်တိုက်ပွဲဖြစ်ပါက အသက်အန္တရာယ်ကြုံရမည်ကို စိုးရိမ်သဖြင့် ဘေးလွတ်ရာတွင် နေနေကြဆဲဖြစ်ကြော်ငး စစ်ဘေးရှောင်နေရသည့် CDM ဆရာမတစ်ဦးက ပြောဆိုသည်။

နေရပ်မပြန်နိုင်သည်မှာ တစ်လရှိပြီဖြစ်ပြီး စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပိုက်ဆံရှိတဲ့သူတွေက မြို့ပေါ်ကို ပြောင်းရွှေ့သွားကြတယ်။ မရှိတဲ့ ဆင်းရဲသားတွေကတော့ အရမ်းဒုက္ခဖြစ်နေ တာပေါ့။ တချို့ကလည်း ကိုယ့်အိမ်ကိုယ် အရဲစွန့်ပြန်ပြီး စားရိက္ခာတွေဝင်ဝင်ယူနေရတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လူကြီးတွေရော ကလေးတွေပါ နာမကျန်းဖြစ်နေတာတွေရှိတယ်။ ကလေးတွေဆိုလည်း သွေးလွန်တုပ်ကွေးတွေ ဖြစ်နေကြတယ်” ဟု CDM ဆရာမက ပြောသည်။

ရောဂါအခံရှိသည့် စစ်ဘေးရှောင် သက်ကြီးရွယ်အိုအချို့မှာ ရောဂါဖောက်လာချိန် ဆေးရုံဆေးခန်းကို အချိန်မီ သွားရောက် ကုသခွင့်မရသောကြောင့် သေဆုံးရသည့်ဖြစ်စဉ်အချို့လည်းရှိနေကြောင်း ၎င်းက ပြောဆိုသည်။

စစ်တပ်က လမ်းကြောင်းပိတ်ဆို့မှုကြောင့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ သယ်ယူ ပို့ဆောင်ရာတွင် အခက်အခဲများစွာကြုံနေရပြီး လမ်းပန်းခရီးကြမ်းတမ်းမှုနှင့် ဈေးကြီးပေးဝယ်ယူနေရမှုများနှင့် ရင်ဆိုင်နေရသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။

“အခန့်မသင့်လိုရှိရင် စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေမှာ သိမ်းခံရတာတွေ၊ ပြဿနာရှာခံရတာမျိုးတွေလည်း ရှိပါတယ်။ ဆေးဝါးကတော့ လုံးဝ သယ်ယူခွင့်မပေးဘူးလို့ ပြောလို့ရတယ်။ ဒါပေမဲ့လည်း မဖြစ်မနေလိုအပ်တဲ့ ပစ္စည်းတွေဖြစ်တော့ ဒီလိုပဲ ရတဲ့နည်းနဲ့ သယ်ယူနေကြရတာပါပဲ” ဟု ၎င်းက ဆိုသည်။

စစ်ဘေးရှောင်များအတွက် ဝသန်ဦးအတွက် ဆန်စုဗူးကမ်ပိန်းပြုလုပ်ထားတာ တစ်လပြည့်ခါနီးပြီဖြစ်သော်လည်း ကမ်ပိန်းမှာ ပါဝင်မှုပမာဏမှာ ၅ ရာခိုင်နှုန်းခန့်သာ ရရှိသေးသဖြင့် ပြည်သူများမှဝိုင်းဝန်းကူညီပေးကြဖို့ ၎င်းက တိုက်တွန်းပြောဆိုသည်။