ကလိန်အောင်တွင် တိုက်ပွဲဖြစ်၊ ဒေသခံအချို့ လက်နက်ကြီးထိမှန်

0
2099

ရေဖြူမြို့နယ် ကလိန်အောင်မြို့ ကျောက်ရှပ်ရွာ (ချောင်းဆုံအပိုင်း) နှင့် ရေပုံးရွာ ပတ်ဝန်းကျင်တွင် ဇွန်လ ၂၉ ရက် နေ့လယ်ပိုင်းက နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

မနက်ပိုင်း ထိတွေ့ပစ်ခတ်မှုဖြစ်ပြီးနောက် ညနေပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း​၊ ကျောက်ရှပ်ရွာသား အနည်းဆုံး‌ ၄ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။

ဒဏ်ရာရသူများမှာ ကလိန်အောင်မြို့ရှိ ပုဂ္ဂလိကဆေးခန်းတွင် ဆေးကုသခဲ့ရကြောင်း မျက်မြင်တွေ့ရသည့်‌ မြို့ခံအချို့ကပြောသည်။

“ညနေပိုင်းလောက် ချောင်းဆုံဘက်က လက်နက်ကြီးအစစင်ပြီး ထိတဲ့ လူနာ လေးယောက်လောက် ပတ်တီးတွေစည်းပြီး ဆေးခန်းမှာ လာပြနေကြတယ်” ဟု ကလိန်အောင်မြို့ အမှတ် ၂ ရပ်ကွက်က မြို့ခံတစ်ဦးကပြောသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က ထိတွေ့တိုက်ပွဲနှင့်ပတ်သက်ပြီး ယခုအချိန်အထိ ထုတ်ပြန်ခြင်းမရှိသေးသဖြင့် မည်သည့်အဖွဲ့နှင့် ပစ်ခတ်မှုဖြစ်ပွားသည်ကို လတ်တလောမသိရသေးပေ။

ဇွန်လ ၂၉ ရက် ည ၇ နာရီဝန်းကျင်အထိ ကလိန်အောင်မြို့ပတ်ဝန်းကျင်တွင် လက်နက်ကြီးပစ်ခတ်သံများ ကြားနေရဆဲဖြစ်ကြောင်း မြိုခံများက ဆိုသည်။

ရေဖြူမြို့နယ် ကံပေါက်ကျေးရွာဘက်တွင်မူ ဇွန်လ ၂၈ ရက်ကတည်းက  လုံခြုံရေးတင်းကြပ်ထားကြောင်း ဒေသခံအချို့ကပြောသည်။

ကံပေါက်ရွာပတ်လမ်းလည်းဖြစ်၊ သဘာဝဓာတ်ငွေ့စီမံကိန်းလုပ်ငန်းခွင်နှင့် စစ်ကောင်စီ အမှတ်  ၂၇၃ ခြေလျင်တပ်ရင်းသို့သွားလမ်းလည်းဖြစ်သည့်  ရတနာလမ်းကို စစ်ကောင်စီတပ်က လုံခြုံရေး တင်းကြပ်လိုက်ခြင်းဖြစ်သည်။

“ မနက်ပိုင်းကစပြီး ဘေးတွဲဆိုင်ကယ်တွေဆို လမ်းဆုံကနေပြန်လှည့်ခိုင်းတယ်။ ကော်ဖီမစ်ရောင်းတဲ့ကား၊ အအေးရောင်းတဲ့ကားတွေလည်း အဲဒီလမ်းကမသွားခိုင်ဘူး။ ရွာထဲကပတ်သွားခိုင်းတယ်။ ရွာပြင်ပတ်လမ်းက တော်တော်များများ မသွားကြတော့ဘူး။ ကုမ္ပဏီကားနဲ့တချို့တွေကတော့ ဖြတ်သွားနေတာမျိုးရှိတယ်”  ဟု ကံပေါက်ဒေသခံ ဘေးတွဲတက္ကစီသမားတစ်ဦးက ပြောသည်။

ဇွန်လ ၂၉ ရက် ညနေပိုင်းတွင် ရတနာလမ်းပိုင်းရှိ ဘုရားမဲရွာကို စစ်ကောင်စီတပ်သားများ ရောက်ရှိနေကြောင်း ဒေသခံများကပြောသည်။

ဇွန်လ ၂၇ ရက် ညပိုင်းတွင် ကံပေါက်အခြေစိုက် စစ်ကောင်စီ ၂၇၃ တပ်ရင်း ရှိသည့် ရပ်ကွက်တွင် ပေါက်ကွဲသံ နှစ်ချက်ကြားရပြီးနောက် ဇွန် ၂၈ ရက်ကစပြီး ရတနာပတ်လမ်းတွင် လုံခြုံရေး တင်းကြပ်ထားခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၂၁ ရက်နောက်ပိုင်း ကလိန်အောင်မြို့တွင် စစ်ကောင်စီတပ်ရင်းတစ်ခုနှင့် ထွေအုပ်ရုံးတို့ တိုက်ခိုက်ခံခဲ့ရသည်။