လမိုင်းမြို့လယ်တွင် လဝကဝန်ထမ်း အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

0
1997

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့လယ် နာရီစင်အနီးတွင် ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်းက အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း မြို့ခံတို့ထံမှ သိရသည်။

ပစ်ခတ်ခံရသူမှာ လမိုင်းမြို့နေ အသက် ၅၀ နှစ်အရွယ် ဒေါ်စန်းမြင့်ကြွယ်ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

နံနက် ၁၀ နာရီဝန်းကျင်က ဆိုင်ကယ်စီးသွားလာနေစဉ် သေနတ်သမားနှစ်ဦးက ပစ်ခတ်သွားခြင်းဖြစ်ကြောင်း မြို့ခံတို့က ပြောသည်။

သေနတ်ပစ်ခတ်ခံရပြီး လမ်းပေါ်တွင် လဲကျနေသည့် ဒေါ်စန်းမြင့်ကြွယ်ကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့က လမိုင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း လမိုင်းမြို့ခံတစ်ဦးက ဆိုသည်။

“အပစ်ခံရတာက မြို့လယ်ခေါင် လမ်းမပေါ်မှာပဲ။ လူမှုကယ်ဆယ်ရေးအဖွဲ့တွေကနေ ဆေးရုံပို့တော့ ဆေးရုံရောက်တော့ သေဆုံးသွားတယ်” ဟု ၎င်းက ပြောဆိုသည်။

လမိုင်းမြို့တွင် မှတ်ပုံတင် အဓိက လုပ်ဆောင်ပေးနေသူကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

ဇွန်လ ၂၀ ရက်နေ့ကလည်း ရေးမြို့နယ်၊ ကျောက်မိချောင်းကျေးရွာ (တောင်ပိုင်း) က ပြည်သူ့စစ်အဖွဲ့ဝင် ဦးရဲနိုင်ဝင်းကိုလည်း ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ စစ်ကောင်စီသတင်း ဒလန်ဆိုပြီး စွပ်စွဲခံရသူများကို မကြာခဏပစ်ခတ်ရှင်းလင်းလေ့ရှိသည်။

ရေးဘီလူးအဖွဲ့ကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားပြီး သတင်းပေးသူကို ဆုကြေးငွေပေးမည်ဟုလည်း ကြေညာထားသည်။