ပြင်းထန်လာသည့် အပူလှိုင်းကြောင့် နိုင်ငံတွင်းသေဆုံးမှုများကို ကိုင်တွယ်ဖြေရှင်းမည်ဟု အိန္ဒိယကတိပြု

0
1906

အိန္ဒိယနိုင်ငံမှာ ယခုသီတင်းပတ်အတောအတွင်း ပြင်းထန်သော အပူလှိုင်းကြောင့် သေဆုံးမှုအများအပြား ဖြစ်ပွားခဲ့မှုကြောင့် သေဆုံးမှုများကို နည်းပါးသွားစေရန် အစိုးရအနေနှင့် လုပ်ဆောင်မည်ဟု ကတိပြုကြောင်း ကျန်းမာရေးဝန်ကြီး ဒေါက်တာ Mansukh Mandaviya က ဇွန်လ ၂၀ရက်နေ့တွင် ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၏ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ယခုသီတင်းပတ်အတွင်း နေ့အပူချိန် ၄၆ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်ခဲ့သည့်အတွက် အပူဒဏ်ကြောင့် ဆေးရုံတင်ထားရမှုများအပြင် လူသေဆုံးမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ ဒေသန္တရ ကျန်းမာရေးအာဏာပိုင်များက သတင်းထုတ်ပြန် ခဲ့သည်။

တောင်အာရှတခွင်မှာ အပူလှိုင်းများ ယခုလို ပိုမိုပြင်းထန်လာခြင်းသည် ရာသီဥတုဖောက်ပြန်မှု၏ အကျိုးဆက်တစ်ခု ဖြစ်ကြောင်း သိပ္ပံပညာရှင်များက မှတ်ချက်ပေးခဲ့သည်။

အိန္ဒိယနိုင်ငံတစ်ဝှမ်း အပူရှိန်ကြောင့် ဖြစ်ပေါ်လာသော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် နှင့် ပြည်သူ့ကျန်းမာရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်နိုင်ရန် ထိပ်တန်းအရာရှိများနှင့် ဇွန်လ ၂၁ရက်နေ့က  တွေ့ဆုံခဲ့ကြောင်း ဒေါက်တာ Mandaviya က လူမှုကွန်ရက် တွစ်တာ မှတဆင့် ပြောကြားခဲ့သည်။

“အိန္ဒိယဆေးသုတေသနကောင်စီကိုလည်း အနာဂတ်တွင် ဒေသတွင်း အပူလှိုင်းနှင့် အပူဒဏ်ကြောင့် သေဆုံးမှုများကို ရှောင်ရှားနိုင်ဖို့ရာ ရေတိုနှင့် ရေရှည်စီမံချက်များ ချမှတ်ရန် ညွှန်ကြားထားသည်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ဇွန်လ ၂၀ရက်နေ့ တွင် အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ ဘီဟာပြည်နယ်မှာ ပြင်းထန်အပူရှိန်ကြောင့် လူ ၉ ဦး သေဆုံးခဲ့ကြောင်း အဆိုပါ ပြည်နယ် ၏ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအေဂျင်စီမှ တာဝန်ရှိသူများက အတည်ပြု ပြောကြားခဲ့သည်။

ဒေသတွင်း အစိုးရဆေးရုံများတွင် အပူဒဏ်နှင့် ဆက်စပ်သော ရောဂါအမျိုးမျိုးအတွက် ဆေးရုံတက် ကုသခြင်း ခံယူသူ ၃၇၅ ဦးခန့်  ရှိခဲ့ကြောင်း ဘီဟာ ပြည်နယ်ကျန်းမာရေးအဖွဲ့အစည်းမှ အမှုဆောင်ဒါရိုက်တာ Sanjay Kumar Singh က ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံ၏ မြောက်ပိုင်း ဥတ္တာ ပရာဒက်ရှ် ပြည်နယ် မှာလည်း အပူချိန်မြင့်တက်လာမှုကြောင့်  ဘာလီယာခရိုင်တွင်း သေဆုံးသူ ဦးရေ ၆၀ နီးပါး ရှိလာကြောင်း သတင်းများက ဖော်ပြခဲ့သည့်အတွက် ဒေသခံ အာဏာပိုင်များက စုံစမ်း စစ်ဆေးလျက်ရှိသည်။

သို့သော် အချို့သော သေဆုံးသူများမှာ နဂိုရောဂါအရင်းခံများ ရှိသဖြင့် သေဆုံးမှု အားလုံး ကို အပူဒဏ် ကြောင့် ဖြစ်သည်ဟု ကောက်ချက်ချရန် မဖြစ်နိုင်ကြောင်း ကျန်းမာရေး ဒုဝန်ကြီး Mayankeshwar Sharan Singh က ပြောကြားခဲ့သည်။

နေ့အပူချိန်မြင့်တက်လာခြင်းကြောင့် အိန္ဒိယနွေရာသီသည် ခါတိုင်းထက်ပင် ပိုမိုပူပြင်းလာပြီး အထူးသဖြင့် ကွန်ကရစ်များဖြင့် ပြည့်နေသော မြို့ပြဒေသများတွင် အပူဒဏ်ကို ပိုမိုခံစားကြရသည်။

နိုင်ငံ ၏ အနောက်ပိုင်း ၊ မဟာရတ်ရှ်ထရာ ပြည်နယ်တွင် ပြီးခဲ့သည့် ဧပြီလအတွင်းက အစိုးရဆိုင်ရာ ပွဲအခမ်းအနားတစ်ခုတွင် ပရိသတ် တစ်သန်းခန့် နေရောင်အောက်တွင် နာရီပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ရ ပြီးနောက် အပူဒဏ်ကြောင့် လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့သည်။

Reference

●       AFP

●       The Straits Times