တိုက်ပွဲကြောင့် နှစ်ရက်ဆက်တိုက်ပိတ်မိနေသည့် ကားများသွားခွင့်ရ

0
2019
ပုံစာ - ယခုနှစ် ဇန်နဝါရီလအတွင်း ပုလောမြို့အနီး ပိတ်မိနေသည့် ကားများ

ပုလောမြို့နယ်အတွင်း ဖြစ်ပွားနေသည့်တိုက်ပွဲကြောင့် နှစ်ရက်တိတိပိတ်မိနေသည့် ကားများသွားခွင့်ရပြီဖြစ်ကြောင်း ခရီးသည်များနှင့် ကားသမားများထံမှသိရသည်။

ယင်းမြို့နယ်ရှိ ပဝတ်ကုန်းကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ ဇွန်လ ၂၀ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်မှစပြီး ၂၁ ရက်နေ့ ညပိုင်းအထိ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်။

တိုက်ပွဲဖြစ်ခဲ့သည့် ပဝတ်ကုန်းရွာသည် ပလမြို့နှင့် ပုလောမြို့ကြားတွင်တည်ရှိပြီး မြိတ်-ရန်ကုန် ပြည်ထောင်စုလမ်းပေါ်တွင် တည်ရှိသည်။

တိုက်ပွဲဖြစ်နေသည့်အတွက် မြိတ်မြို့မှ ရန်ကုန်သို့ သွားသည့်ကားများ ပလမြို့တွင်ပိတ်မိနေခဲ့ပြီး ရန်ကုန်မှမြိတ်သို့ လာသည့် ကားများမှာ ပုလောမြို့အဝင်တွင် ပိတ်မိနေခဲ့ကြောင်း ကားသမားများ ကပြောသည်။
ထိုသို့ ပိတ်မိနေသည့်ကားအစီးရေမှာ ရာချီရှိခဲ့သည်။

ယင်းနောက် ပစ်ခတ်မှုရပ်သွားသဖြင့် ယနေ့နံနက်တွင် ကားများသွားလာခွင့်ရပြီဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ဒီမနက်ပဲ ရန်ကုန်တက်တဲ့ကားရော မြိတ်ဆင်းတဲ့ကားပါ အားလုံးသွားခွင့်ရသွားပြီ။တစ်ချို့ကားတွေဆို ပြန်ရောက်နေကြပြီ။နှစ်ရက်တိတိ ပိတ်မိသွားတာပေါ့”ဟု မြိတ်မြို့ရှိ ခရီးသည်တင်ယာဥ်လိုင်းတစ်ခု၏ ဂိတ်မှူးက ပြောသည်။

ကားပိတ်မိနေသည့်အချိန်က အစားအသောက်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း ခရီးသည်တစ်ဦးက ပြောသည်။

“ထမင်းကတော့ ပလမြို့က ထမင်းဆိုင်တွေမှာ ဝယ်စားရတယ်။တစ်ကိုယ်ရေသန့်ရှင်းရေးကိစ္စတော့ အခက်အခဲဖြစ်တာပေါ့နော်”ဟု ခရီးသည် အမျိုးသမီးတစ်ဦးက ပြောသည်။

နှစ်ရက်အကြာ ပိတ်မိနေသည့်အတွက် ကားတစ်စီးပေါ်ရေခဲရိုက်တင်ဆောင်လာသည့် ရေထွက်ကုန် (ငါး)များ ဆုံးရှုံးခဲ့ရကြောင်း ကုန်သည်တစ်ဦးက ဆိုသည်။

အခုလ ဒုတိယအပတ်ကလည်း တိုက်ပွဲကြောင့် ပုလောမြို့တွင် ကားများတစ်နေ့နီးပါးအကြာ ပိတ်မိခဲ့သေးသည်။

လက်ရှိဖြစ်ပွားခဲ့သည့် ပဝတ်ကုန်းရွာတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုအချို့ရှိသည်ဟု ကြားရကြောင်း ဒေသခံများ က ပြောသည်။

တိုက်ပွဲနှင့်ပတ်သက်သည့် အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ပုလောမြို့နယ်အတွင်းရှိ ပြည်ထောင်စုလမ်းတွင် တိုက်ပွဲမကြာခဏဖြစ်နေပြီး ခရီးသွားပြည်သူများ မလိုအပ်ပဲခရီးမသွားလာကြရန် တော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံထားသည်။