ဖမ်းခံထားရသည့် ကလိန်အောင်မြို့ခံ ကုန်မာဆိုင်ပိုင်ရှင် ပြန်လွတ်

0
1471

စစ်ကောင်စီတပ်က ဇွန်လ ၈ ရက် ညတွင် ဖမ်းဆီးသွားသည့် ရေဖြူမြို့နယ် ကလိန်အောင်မြို့ခံ ကုန်မာဆိုင်ပိုင်ရှင် ပြန်လွတ်လာပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

အမှတ် (၃) ရပ်ကွက်နေ ကုန်မာဆိုင်ပိုင်ရှင် မချိုချိုဦးသည် ဇွန်လ ၁၃ ရက် ညပိုင်းတွင် ပြန်လွတ်လာခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“၄၁၀ တပ်ရင်းထဲ ၅ရက်လောက် အစစ်ခံလိုက်ရတာပေါ့” ဟု ၎င်းက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အဆက်သွယ်ရှိသည်ဟု စွပ်စွဲချက်ကာ ခေါ်ယူစစ်ဆေးခံရခြင်းဖြစ်ကြောင်း ပြောဆိုသည်။

ကလိန်အောင်မြို့တွင် အမျိုးသမီးငယ်နှစ်ဦး ကလိန်အောင်တံတားထိပ် စစ်ဆေးရေးဂိတ်တွင် စတင်အဖမ်းခံရသည့် မတ်လဆန်းပိုင်းမှစပြီး ယနေ့အချိန်အထိ ဖမ်းဆီးစစ်ဆေးခံရသူ ကိုးဦးအထိရှိသည်။

၎င်းတို့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲဖမ်းဆီးထားခြင်းဖြစ်ကြောင်း မြို့ခံတို့က ဆိုသည်။

၎င်းတို့အနက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးငယ်နှစ်ဦး ဖမ်းဆီးစစ်ဆေးခံနေရဆဲဖြစ်ပြီး ကျန်သူများမှာ လွတ်မြောက်လာပြီဖြစ်သည်။