ဗီယက်နမ်တွင် အပူလွန်ကဲမှုနှင့် ဓာတ်အားပြတ်တောက်မှုကြောင့် စျေးဝယ်စင်တာများတွင် အပူရှောင်သူမြင့်တက်

0
1942

အပူဒဏ် နှင့်အတူ လျှပ်စစ်ဓာတ်အားသုံးစွဲမှု အဆမတန် မြင့်တက်လာသည့်အတွက် ဓာတ်အား ပြတ်တောက်မှု မကြာခဏဖြစ်ပေါ်လာသဖြင့် ဗီယက်နမ်နိုင်ငံမြို့တော် ၊ ဟနွိုင်းမြို့နေ ပြည်သူများ အပူရှောင်နိုင်ရန် ရှော့ပင်းမောလ်များသို့ သွားရောက်နေကြရဟု ဗီယက်နမ်သတင်းများက ဖော်ပြကြသည်။

ဗီယက်နမ်သည် မကြာသေးမီရက်သတ္တပတ်များအတွင်း စံချိန်တင်အပူချိန်မြင့်မားလာသည့် တောင်အာရှနှင့် အရှေ့တောင်အာရှတစ်ခွင်ရှိ နိုင်ငံများထဲမှ တစ်ခုဖြစ်သည်။

နေ့အပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နေချိန်တွင် Aeon စျေးဝယ်စင်တာတွင်း အပူဒဏ်ပြင်းပြင်း ကို အံတုရန် ကြိုးပမ်းသူများ အနက် Bui Manh Duc Tai နှင့် ၎င်း၏ ချစ်သူတို့လည်း အပါအဝင် ဖြစ်သည်။

“ကျွန်တော်တို့အိမ်မှာ ဒီမနက်ကတည်းက မီးမလာတော့ဘူး။ အေးမြတဲ့လေ ရဖို့ ဒီကိုလာခဲ့တာပါ” ဟု Tai က AFP သို့ ပြောကြားခဲ့သည်။

အဆိုပါ စျေးဝယ်စင်တာ၏ ထောင့်တစ်နေရာတွင် ကျောင်းသူ Nguyen Minh Thu သည် ကြမ်းပြင်ပေါ်တွင် ထိုင်ရင်း သူမ၏ အဆိုင်းမန့်တစ်ခုကို လက်တော့ပ်ပေါ်မှ အပြီးသတ်ရန် ကြိုးစားနေသည်။

“စာလုပ်ဖို့အတွက် မီးအား လိုအပ်တဲ့အတွက် ဒီကို လာဖြစ်ခဲ့တာပါ” ဟု စိုက်ပျိုးရေး အထူးပြု အဆိုပါ ကျောင်းသူက ပြောပြရင်း သူမ၏ အိမ်တွင်လည်း တစ်မနက်လုံး လျှပ်စစ်မီး ပြတ်တောက်နေကြောင်း ဆိုသည်။

ကမ္ဘာကြီးပူနွေးလာမှုသည် အပူလှိုင်းများအပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ ပြင်းထန်သောရာသီဥတုဖြစ်ရပ်များ ဖြစ်ပွားနှုန်း တိုးမြင့်လာစေသည်ဟု သိပ္ပံပညာရှင်များက သတိပေးထားသည်။

မိုးခေါင်မှု အပြင် ယခုကဲ့သို့ ကာလရှည်ကြာ အပူလှိုင်းသည်  နိုင်ငံမြောက်ပိုင်းအတွက် ဓာတ်အား ဖြန့်ဝေမှုအတွက် အခက်အခဲများစွာ ဖြစ်စေကြောင်း ဓာတ်အားဖြန့်ဖြူးရေး ကုမ္ပဏီတစ်ခု ဖြစ်သည့် Vietnam Electricity မှ သိရသည်။

ဟနွိုင်းမြို့အပြင်ဘက်ရှိ အခြားသော ကုန်တိုက်တစ်ခုတွင် မိသားစုအချို့သည် ၎င်းတို့၏ ကလေးများနှင့်အတူ လေအေးပေးစက်ရှိရာ နေရာများတွင် အပူရှောင်ခိုလှုံနေရသည်။

“နေ့လယ်စာစားချိန်ကတည်းက ကလေးနှစ်ယောက်နဲ့ ဒီမှာနေနေတာ။ ကျွန်တော် စျေးဝယ်ထွက်နေတုန်း ကလေးတွေက ဆော့လို့ရမယ်။ ပြီးတဲ့အခါ ဒီမှာ ညစာစားပြီးရင် အိမ်ပြန်မယ်။ အဲ့အချိန်လောက်ဆိုရင်တော့ မီးပြန်လာလောက်ပြီ လို့ မျှော်လင့်ပါတယ်” ဟု Do Thuy Dung က ပြောသည်။

ယခုနှစ် ၊ မေလတွင် ဟနွိုင်းတွင် ပျမ်းမျှ ဓာတ်အားသုံးစွဲမှုသည် ပြီးခဲ့သည့် ဧပြီလနှင့် နှိုင်းယှဉ်ပါက ၂၂ ဒသမ ၅ ရာခိုင်နှုန်းကျော် တိုးလာသည်ဟု Vietnam Electricity က ဆိုသည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဟာလောင်း ပင်လယ်အော် တည်ရှိရာ Quang Ninh ပြည်နယ်မှာလည်း မကြာသေးမီရက်များအတွင်း ဓာတ်အား ပြတ်တောက်မှုများ ရှိခဲ့ကြောင်း  နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

ဇွန်လ (၂)ရက်နေ့ ညက လျှပ်စစ်မီးပြတ်တောက်မှုကြောင့် အများပြည်သူများ နေအိမ်တွင် ထမင်းဟင်း ချက်ပြုတ်ခြင်း မပြုနိုင်တော့သည့်အတွက် ဟာလောင်း မြို့ရှိ စားသောက်ဆိုင်အများအပြားတွင် တည်ခင်းသမျှ ဟင်းပွဲ အကုန်ရောင်းထွက်သည့် အခြေအနေပါ ရောက်ရှိခဲ့သည်။

ခရီးသွားများအကြား နာမည်ကြီးသည့် ကျွန်းများပေါ်ရှိ ဟိုတယ်များတွင်လည်း လျှပ်စစ်မီး ပြတ်တောက်မှုများ ရှိသည်။

ဒေသန္တရ အာဏာပိုင်များသည် လျှပ်စစ်ဓာတ်အား သုံးစွဲမှု သက်သာစေရန်အတွက် အချို့သော မြို့ကြီးများတွင် လမ်းမီးများကို ပိတ်ထားခဲ့သည်။

Reference

●       AFP

●       The Straits Times