ဂျပန်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၁ ဦးသေဆုံးကာ ၃ ဦးပျောက်ဆုံးနေ

0
1944

ဂျပန်နိုင်ငံ၏ နေရာအနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် လူတစ်ဦးသေဆုံးပြီး သုံးဦးပျောက်ဆုံးနေကြောင်း အာဏာပိုင်များက ဇွန်လ (၃)ရက်နေ့တွင် ပြောကြားခဲ့ပြီးနောက် လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် သတိပေးချက်ထုတ်ပြန်ခဲ့ရသည်။

နေရာ အတော်များများတွင်လည်း လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပွားနေသည်။

ဤသို့ မိုးကြီးရေလျှံမှုသည် ယခင်က တိုင်ဖွန်းမုန်တိုင်း Mawar ၏ နောက်ဆက်တွဲ အခြေအနေ ဖြစ်ပြီး အဆိုပါ မုန်တိုင်းသည် ယခုအခါ အပူပိုင်းမုန်တိုင်းအဖြစ် အားပျော့သွားပြီ ဖြစ်သည်။

ဇွန်လ (၂)ရက်နေ့တွင် အများပြည်သူများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် နိုင်ငံ၏အဆင့်အမြင့်ဆုံး သတိပေးချက်ထုတ်ပြန်ခဲ့ရသည့် Aichi စီရင်စုရှိ Toyohashi မြို့ တွင် ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က “ရေမြုပ်နေသော ကားတစ်စီးထဲတွင် အသက် ၆၀ ခန့်ရှိ အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသွားသည် ကို အတည်ပြုခဲ့ကြောင်း” အဆိုပါ မြို့၏ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ထို့နောက် မြစ်အများအပြား ကမ်းပါးပြိုကျသည့် Wakayama စီရင်စု အနောက်ပိုင်းတွင်လည်း အာဏာပိုင်များက ဒေသအတွင်း ပျောက်ဆုံးနေသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ပြန်လည်ရှာဖွေနေကြောင်း ပြောကြားခဲ့သည်။

တစ်ဖက်မှာလည်း Hamamatsu မြို့လယ်မှာ မြေပြိုကျသည့်အချိန် ၊ အိမ်ပါသွားသည့်အပြင် ဆက်သွယ်မှု မရတော့သည့် ဒေသခံတစ်ဦးကိုလည်း ဒါဇင်နှင့်ချီသော ကယ်ဆယ်ရေးသမားများက ရှာဖွေနေဆဲ ဖြစ်သည်။

ဇွန်လ (၃)ရက်နေ့ မွန်းလွဲပိုင်းအထိ ရရှိထားသော စာရင်းများအရ အဆိုပါ အခြေအနေများကြောင့် နိုင်ငံတဝှမ်း ပြင်းထန်ဒဏ်ရာ ရရှိသူ စုစုပေါင်း ၆ ဦး ရှိပြီး အသေးစား ဒဏ်ရာရရှိသူ ၂၉ ဦး ရှိကြောင်း မီးသတ်နှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီက ထုတ်ပြန်ခဲ့သည်။

ဇွန်လ (၂)ရက်နေ့တွင် အစိုးရ ဆိုင်ရာ ထိပ်တန်း ပြောရေးဆိုခွင့်ရှိသူ Hirokazu Matsuno က လာမည့်သုံးရက်အတွင်း နေရာအတော်များများတွင်“ အလွန်အမင်း မိုးသည်းထန်စွာရွာသွန်း” နိုင်ချေ ရှိကြောင်း သတိပေးခဲ့သည်။

လေထု ပိုမိုပူနွေးလာလေ ရေပိုမိုသိုလှောင်ထားလေ ဖြစ်သည့်အတွက် ရာသီဥတုဖောက်ပြန်မှုသည် ယခုလို ဂျပန်နိုင်ငံနှင့် အခြားနေရာများတွင် မိုးသည်းထန်စွာ ရွာသွန်းမှု ကို ပိုမိုပြင်းထန်လာစေသည်ဟု သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံမှာ ၂၀၂၁ ခုနှစ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နိုင်ငံ၏ အလယ်ပိုင်း ၊ အပန်းဖြေမြို့ Atami တွင် မြေပြိုမှုဖြစ်ပွားခဲ့ကာ လူ ၂၇ ဦးသေဆုံးခဲ့သည်။

ထို့အပြင် ၂၀၁၈ ခုနှစ်တွင်လည်း နှစ်စဉ် ကြုံတွေ့နေကျ မိုးရာသီအတွင်း ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် ဂျပန်နိုင်ငံအနောက်ပိုင်း၌  လူ ၂၀၀ ကျော် သေဆုံးခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းတွင် တိုင်ဖွန်းမုန်တိုင်း Mawar သည် ပစိဖိတ်ကျွန်း ၊ ဂွမ်၏ မြောက်ဘက်သို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ကာ သစ်ပင်များကို မြေလှန်ပစ်ခဲ့ပြီးနောက် ထောင်နှင့်ချီသော နေအိမ်များတွင် ခေတ္တ ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့သည်။

Reference

●       AFP

●       The Straits Times