စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၊ လယ်သစ်ရွာထဲ ကျည်ကိုးလုံးကျကွဲပြီး ရွာသားတစ်ဦးဒဏ်ရာရ

0
428

တနင်္သာရီမြို့နယ်၊ လယ်သစ်အပါအဝင် ကျေးရွာသုံးရွာဖက်သို့ စစ်ကောင်စီတပ်က ယနေ့ ဇွန်လ ၁ရက် နံနက်က လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်ပြီး လယ်သစ်ရွာသားတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က စန်းသစ်ရွာဘုန်းကြီးကျောင်းတောင်ပေါ်မှ လယ်သစ်ရွာဘက်သို့ အဓိကထားပြီး လက်နက်ကြီးဖြင့် ပစ်ခတ်သလို မော်တုန်းရွာနှင့် တုံးဗျောလသာရွာများဖက်သို့လည်း ပစ်ခတ်ကြောင်း ဒေသခံများထံမှ သိရသည်။

“လက်နက်ကြီး ပစ်နေသံကြားရတာ အချက်သုံးဆယ်လောက်ရှိတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လယ်သစ်ကျေးရွာတွင် အရှေ့ကမ်းနှင့် အနောက်ကမ်းရှိပြီး လက်နက်ကြီးကျည်မှာ ကမ်းနှစ်ခုစလုံးသို့ ကျရောက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“စောစော ၇ နာရီလောက်ကပစ်တာ ရွာထဲကို ကိုးလုံးလာကျတယ်။ အိမ် ငါးလုံးထိပြီး လူတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရတယ်” ဟု လယ်သစ်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မေလ ၃၁ ရက်က တနင်္သာရီမြို့နယ် ပြည်ထောင်စုလမ်းပေါ်တွင် စစ်ကောင်စီကားတန်း သုံးကြိမ်မိုင်းဆွဲခံခဲ့ရသည်။ ယင်းနောက် နောက်တစ်ရက်တွင် အထက်ပါ ကျေးရွာများဖက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် ပြည်ထောင်စုလမ်းပေါ်ရှိ ကမ်းတိုရွာအနီးတွင် စစ်ကောင်စီကားတန်း မိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်က လယ်သစ်ရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သေးသည်။

ယင်းပစ်ခတ်မှုကြောင့် လယ်သစ်ရွာနေ အသက် ၈ နှစ်အရွယ်ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ရပြီး အမျိုးသား၊ အမျိုးသမီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် ငါးလုံးပျက်စီးခဲ့ရသည်။

လယ်သစ်ရွာတွင် အိမ်ခြေ တစ်ထောင်ဝန်းကျင်ရှိသည်။

ယင်းရွာအနောက်ကမ်းကို စစ်ကောင်စီတပ်များ မကြာခဏ ဝင်ရောက်ကာ အရှေ့ကမ်းဖက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဒေသခံများမှာ တောအတွင်းသို့ မကြာခဏ ထွက်ပြေးတိမ်းရှောင်ကြရလေ့ရှိသည်။

တနင်္သာရီနှင့် ပုလောမြို့နယ်တို့အား စစ်ကောင်စီက ဖေဖော်ဝါရီလ ၂ ရက်တွင် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားနေသည်။