ချယ်လ်ဆီးကွင်းလယ်လူ မေဆန်မောင့် ကို ခေါ်ယူရန် မန်ယူ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိ

0
1190
Photo – The Telegraph

မန်ယူအသင်းသည် ချယ်လ်ဆီးကွင်းလယ်လူ မေဆန်မောင့်ကို ခေါ်ယူရန်အတွက် ကာယကံရှင် ကစားသမားဖြစ်သူနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ သဘောတူညီမှု ရရှိထားပြီဖြစ်ပြီး ပြောင်းရွှေ့ကြေးညှိနှိုင်းမှု အဆင်ပြေသည်နှင့် မေဆန်မောင့်မှာ မန်ယူထံသို့ ပြောင်းရွှေ့ရောက်ရှိလာတော့မည်ဖြစ်ကြောင်း သိရှိရသည်။

မန်ယူသည် မေဆန်မောင့်၊ ဟယ်ရီကိန်းနှင့် နေမာတို့ကို ခေါ်ယူရန် ကြိုးစားနေကြောင်း သတင်းများထွက်ပေါ်နေပြီး လက်ရှိတွင် မေဆန်မောင့်နှင့် မန်ယူအသင်းတို့အကြား၌ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ သဘောတူညီမှုရထားပြီဖြစ်ကြောင်းကို ဗြိတိန်အားကစားသတင်းမီဒီယာများက အတည်ပြုထားပြီလည်းဖြစ်သည်။

မန်ယူသည် မေဆန်မောင့် အပြောင်းအရွှေ့ဖြစ်မြောက်စေရေးအတွက် ချယ်လ်ဆီးနှင့် ပြောင်းရွှေ့ကြေးညှိနှိုင်းမှုများ ဆက်လက် ဆောင်ရွက်ရဦးမည်ဖြစ်ပြီး မေဆန်မောင့်အတွက် ပြောင်းရွှေ့ကြေးညှိနှိုင်းရာတွင် မန်ယူနှင့် ချယ်လ်ဆီးတို့အကြား၌ ပေါင် ၁၅ သန်းမှနေ၍ သန်း ၂၀ အကြား ကွာဟချက်ရှိနေကြောင်း သိရှိရသည်။

မန်ယူသည် မေဆန်မောင့်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၆၀ အောက်သာ ပေးချေလိုလျက်ရှိပြီး အသင်းနှစ်သင်းအကြားတွင် ပြောင်းရွှေ့ကြေးသဘောတူညီမှု ရရှိခဲ့မည်ဆိုပါက မန်ယူထံသို့ မေဆန်မောင့်မှာ ရက်အနည်းငယ်အတွင်း၌ ပြောင်းရွှေ့ရောက်ရှိလာနိုင်ချေရှိနေသည်။